မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူလို့မရတဲ့ အခက်အခဲတွေကြောင့် ရေရှည်မှာ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံး ပြိုလဲလာနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ မီးစက်တွေကို အသုံးပြုပြီး ရေသွင်း စိုက်ပျိုးရတာ ဖြစ်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ပြတ်လပ်မှုကြောင့် ရေသွင်းပြီး စိုက်ပျိုးလို့ မရတော့တဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။လက်ရှိမှာတော့ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ရေသွင်းဖို့ စက်သုံဆီး မရှိတာကြောင့် အချိန်မတိုင်ခင် သီးနှံတွေ ပျက်စီးဆုံးရှုံးရတာ၊ ဆက်လက် စိုက်ပျိုးဖို့ပင် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။စိုက်ပျိုးရေး တောင်သူ တစ်ဦးကတော့ စက်သုံးဆီ ဝယ်ယူရ အခက်အခဲကြောင့် ရေသွင်း စိုက်ပျိုးရတဲ့ အသီးအနှံတွေ ပျက်စီးပြီး အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ စိုက်ပျိုးရေး လုပ်ငန်း အတွက် စက်သုံးဆီ အရောင်းဆိုင်တွေမှာ ပုံးတွေ၊ ပေပါတွေနဲ့ မရောင်းတာကြောင့် ဘယ်လိုမှ အဆင်ပြေမှု မရှိတော့သလို လက်ကျန် စိုက်ပျိုး ထားတဲ့ အသီးအနှံတွေကိုပဲ ရသလောက် ယူရမယ့် အခြေအနေသာ ရှိတော့တယ်လို့ သူက ဆက်ပြောပါတယ်။စိုက်ပျိုးရေး တောင်သူတစ်ဦးကလည်း စက်သုံးဆီ ဝယ်ယူရ အခက်အခဲကြောင့် နောက်ထပ် သီးနှံတွေ စိုက်ပျိုးဖို့ပင် စဉ်းစားလို့တဲ့ မရတဲ့ အခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။စက်သုံးဆီ ဝယ်ယူရ အခက်အခဲကြောင့် ရေမသွင်းနိုင်တဲ့အတွက် နွေစပါးအပါအဝင် ဟင်းသီးဟင်းရွက် အသီးအနှံတွေ ပျက်စီး ဆုံးရှုံးမှု များနေပြီး ဒီထက် စက်သုံးဆီ အခက်အခဲ ပိုကြာပါက အားလုံးနီးပါး ဆုံးရှုံးမှု ရှိနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။စိုက်ပျိုးရေးတောင်သူတွေကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ပြဿနာကို စစ်ကော်မရှင်အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်နေပြီး မဖြေရှင်းနိုင်ရင် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံး ပြိုလဲလာနိုင်တယ်လို့ ထောက်ပြကြပါတယ်။ဒေသတွင်းမှာတော့ စက်သုံးဆီ ရှားပါးမှုကြောင့် ပြင်ပ မှောင်ခိုဈေးကွက်မှာ စက်သုံးဆီ တစ်လီတာကို ကျပ် ၁၂,၀၀၀ ကနေ ကျပ် ၁၅,၀၀၀ ဝန်းကျင်ထိ ပေါက်ဈေးရှိနေပေမယ့် လိုသလောက် ဝယ်ယူလို့မရတဲ့ အခြေအနေဲ့ ကြုံနေရပါတယ်။



