ထိုင်းနိုင်ငံ ချွမ်ဖွန်ပြည်နယ်တွင် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းရန် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင် ထွက်ပြေးသော အထောက်အထားမဲ့ မြန်မာ ၁၂ ဦးကို တင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ယမန်နေ့ မတ်လ ၂၃ ရက်နေ့က ချွမ်ဖွန်ပြည်နယ်၊ မောင်းချွမ်ဖွန်ခရိုင်၊ ဝမ်မိုင်မြို့နယ်၊ အဝေးပြေးလမ်းမကြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဝမ်မိုင်မြို့နယ် အဝေးပြေးလမ်းမကြီးတွင် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် နယ်ခြားကင်းလှည့်ရဲတပ်ဖွဲ့တို့ စောင့်ကြပ်နေသည့် စစ်ဆေးရေးဂိတ်တစ်ခုကို အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ကားမှာ လမ်းပြောင်းပြန် အရှိန်မြှင့် မောင်းနှင် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့မှ အခြား စစ်ဆေးရေးအဖွဲ့တစ်ခုဖြင့် ချောင်ပိတ် လိုက်လံဖမ်းဆီးရာမှာ စစ်ရေးဆေးဂိတ်၏ ကီလိုမီတာ ၂၀ ကျော်အကွာတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ကားပေါ် လိုက်ပါလာသော အထောက်အထားမဲ့ မြန်မာများမှာ အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း၊ ယာဉ်မောင်းနှင့်အတူ ၎င်းတို့ကို လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းအာဏာပိုင်များမှ ပြောဆိုထားသည်။ လမ်းပြောင်းပြန် မောင်းနှင်ခြင်းကြောင့် အခြား ယာဉ်များအတွက် အနှောင့်အယှက်ဖြစ် အန္တရာယ်ဖြစ်စေခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။ ယာဉ်မောင်းကို နိုင်ငံခြားသားများအား တရားမဝင် ခိုလှုံခွင့် ပေးထားမှုဖြင့် အရေးယူနိုင်ရန် တရားစွဲဆိုထားကြောင်းနှင့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ ယာဉ်မောင်းအပါအဝင် မြန်မာနိုင်ငံသား ၁၂ ဦးအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆလူးရဲစခန်းသို့ လွှဲပြောင်းထားပြီး ဆက်စပ်ကွန်ရက်များကို နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ထိုင်းအာဏာပိုင်များမှ ပြောကြားထားကြသည်။



