၂၀၂၆ခုနှစ်မှ၂၀၃၀နှစ်အတွင်း ခြင်ကြောင့်ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါလုံးဝမရှိစေဖို့နဲ့ ၂၀၃၀ခုနှစ်မှာ ဆင်ခြေထောက်ရောဂါကင်းဝေး ဖို့ဆောင်ရွက်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် “Annual Review Meeting of Vector Borne Disease Control Programme (2025)” ဖွင့်ပွဲမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာမှာထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။အခမ်းအနားမှာ (၂၀၃၀)ခုနှစ်မှာ ငှက်ဖျားကူးစက်မှု လုံးဝမရှိစေဖို့ ရည်မှန်းချက်ထားပြီး National Malaria Strategic Plan (2026-2030) ကို အသစ်ရေးဆွဲပြီး ရောဂါစောစီးစွာ ဖော်ထုတ်ကုသခြင်း၊ ကပ်ရောဂါ အသွင်ဖြစ်ပွားမှုအား တုံ့ပြန်ဆောင်ရွက်ခြင်း (Outbreak response) နှင့် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး (Supply Chain Management)တို့ကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဆေးနှင့်ဆေးပစ္စည်းများကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဝယ်ယူပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊
(၂၀၃၀) ခုနှစ်မှာ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေဖို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဂျပန်ဦးနှောက်ရောင်ရောဂါနဲ့ ပတ်သက်ပြီးလည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ရေး လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြဖို့ လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။



