အရှေ့အလယ်ပိုင်းဒေသသို့ မရိန်းတပ်ဖွဲ့ဝင်ရာပေါင်းများစွာကို ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံစေလွှတ်ထားကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက မတ် ၂၀ ရက်တွင် အတည်ပြုပြောကြားထားသည်။အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့၏ အီရန်ကို စစ်ရေးအရတိုက်ခိုက်မှု သီတင်း သုံးပတ်ပြည့်ချိန်တွင်အရှေ့အလယ်ပိုင်းဒေသသို့ မရိန်းတပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ် ထားကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ထုတ်ပြောထားခြင်းဖြစ်သည်။အမေရိကန်အစိုးရအနေဖြင့် အီရန်နိုင်ငံအတွင်းသို့ မြေပြင်တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ဆုံးဖြတ်ထားခြင်း မရှိကြောင်း သိရသည်။အရှေ့အလယ်ပိုင်းသို့ ထပ်မံစေလွှတ်ထားသော မရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးလှုပ်ရှားမှုများ ထပ်မံပြုလုပ်ရန် လိုအပ်လာပါက အသင့်အနေအထားရှိရေးအတွက် စွမ်းဆောင်ရည်တည်ဆောက်ထားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။အမေရိကန်တာဝန်ရှိသူများ၏ အဆိုအရ အရှေ့အလယ်ပိုင်းဒေသကို ယူအက်စ်အက်စ် ဘောက်ဆာအမည်ရှိ စစ်သင်္ဘောနှင့် မရိန်းတပ်ဖွဲ့ဝင် ၂၅၀၀ခန့်ကို ကာကွယ်ရေးဝန်ကြီး ဌာနက စေလွှတ်ထားခြင်းဖြစ်ကြောင်းသိရသည်။လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းဒေသ၌ရောက်ရှိနှင့်ပြီးဖြစ်သော မရိန်းတပ်ဖွဲ့ဝင် အင်အားမှာ၅,၀၀၀ အထိ ရှိသည်။



