မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) မှ နေပြည်တော် တွင် အသစ်ဆောက်လုပ်နေသည့် အရာထမ်း၊အမှုထမ်းအိမ်ရာများအတွက် ပြန်လည် ပေးဆပ်ရန် တာဝန်ရှိသည့်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို မတ် ၂၁ ရက် နံနက် ၁၀နာရီက MCEF ခန်းမ၌ ကျင်းပခဲ့သည်။မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ဒုတိယ ဥက္ကဋ္ဌ၊ စီမံကိန်း လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဦးသက်လင်းကထောက်ပံ့ငွေပေးအပ်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးကိုကိုလေးက စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် အသင်းချုပ်က ကူညီပံ့ပိုးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။MCEF အထွေထွေအတွင်းရေးမှူးချုပ်နှင့် စီမံကိန်းလုပ်ငန်းများကို အကောင် အထည်ဖော်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများသည်ထောက်ပံ့ငွေ စာချုပ်များကို လက်မှတ်ရေးထိုးကြသည်။ဧရာ၀တီဘဏ်အများနှင့် သက်ဆိုင်သောကုမ္ပဏီလိမိတက် ဒါရိုက်တာဦးတိုးလင်းညွန့်က MCEF နှင့် AYA Bank တို့အကြား လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားပြီး၊ စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများကိုယ်စား TWP ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွန်းက ကျေးဇူးတင်စကားပြောကြားသည်။
တက်ရောက်လာသည့် Suppliers ကုမ္ပဏီများကလည်း မိမိတို့ကူညီပံ့ပိုး ပေးနိုင်သည့် ပစ္စည်းများအကြောင်း မိတ်ဆက်ရှင်းလင်းတင်ပြသည်။MCEF မှ နေပြည်တော်တွင် အရာထမ်းနှင့် အမှုထမ်းအိမ်ရာ အသစ်အလုံး၄၀ ကို တည်ဆောက် လျက်ရှိရာ ယနေ့အခမ်းအနားတွင် တည်ဆောက်ရေး ကုမ္ပဏီ ၁၄ ခုကို ထောက်ပံ့ငွေ ၆ ဒသမ ၈ ဘီလီယံနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ဝယ်ယူခြင်းအတွက် တန်ဖိုးငွေ ၈ ဒသမ၄ဘီလီယံ၊ စုစုပေါင်းထောက်ပံ့ ငွေ ၁၅ဒသမ၂ဘီလီယံ တို့ကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။



