အမျှင်ဓါတ်ဖြည့်စွက်ဆေးများ နေ့စဉ်သောက်သုံးခြင်းဖြင့် အဆစ်အမြစ်ရောင်လူနာများတွင် နာကျင်ကိုက်ခဲမှုဝေဒနာကို လျှော့ချနိုင်တယ်လို့ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။ဗြိတိန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ Inulin ခေါ် ဇီဝအကျိုးပြု အမျှင်ဓာတ်တစ်မျိုးကို နေ့စဉ်စားသုံးခြင်းဖြင့် အဆစ်အမြစ်ရောင် လူနာများ၏ ကိုက်ခဲမှုကို လျှော့ချပေးနိုင်ပြီး အဆိုပါ အမျှင်ဓာတ်ဟာ ချီကိုရီအမြစ် (Chicory Root)ကဲ့သို့ ဟင်းသီးဟင်းရွက်များ၌ သဘာဝအလျောက် တွေ့ရတတ်သော အမျှင်ဓာတ် ဖြစ်တယ်လို့ သိရပါတယ်။အစာခြေလမ်းကြောင်းစနစ် ဘက်တီးရီးယား စုဖွဲ့မှုပုံစံကို အကျိုးပြုတတ်သော Inulin အမျှင်ဓာတ်များဟာ နာကျင်မှုခံစားချက်အပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ ပညာရှင်များက ဆိုထားပါတယ်။သုတေသနပညာရှင်များဟာ ယခု တွေ့ရှိချက်ကို ဒူးရိုးအဆစ်အမြစ်ရောင်လူနာ ၁၁၇ ဦးတို့ဖြင့် Inulin အမျှင်ဓာတ်၏ အာနိသင်ကို လက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ရလဒ်များအရ ယင်း အမျှင်ဓာတ်ဟာ လူနာများ၏ နာကျင်ကိုက်ခဲမှုကို သိသာစွာလျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။



