နောက်ထပ် ၄၈ နာရီအတွင်း ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်မပေးရင် အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေ၊ ဓာတ်အားပေး စက်ရုံတွေကို အပြင်းအထန် ချေမှုန်းပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။အဲဒီ ရာဇသံကို သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ထရမ့်က မတ်လ ၂၁ ရက်နေ့ ညပိုင်းတုန်းက ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို အရှိန်အဟုန် လျှော့ချဖို့ စဉ်းစားနေကြောင်း သူကိုယ်တိုင် ကြေညာပြီး နောက်တစ်ရက်မှာပဲ ထရမ့်ဆီက အခုလိုမျိုး တင်းမာတဲ့ သတိပေးမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။အီရန်ဟာ နိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး နိုင်ငံတကာ ရေနံတင်ပို့မှုကဏ္ဍအတွက် အထူးအရေးကြီးတဲ့ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ဆက်ပြီး ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။ အမေရိကန်ဆီက ပြင်းထန်တဲ့ ဖိအားပေးမှုတွေ၊ တိုက်ခိုက်မှုတွေ ကြုံနေရတဲ့တိုင် အီရန်ဟာ ဆက်လက်ပြီး ကြံ့ကြံ့ခံရင်း ရေလက်ကြားကို ပိတ်ထားဆဲ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ကမ္ဘာအနှံ့မှာ ရေနံနဲ့ လောင်စာဆီ ပြတ်လပ်နိုင်ခြေအတွက် စိုးရိမ်မှုတွေ မြင့်တက်လာပြီး ဆီစျေးတွေလည်း တက်လာပါတယ်။
အီရန်သာ ဟောမုဇ် ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်မဖွင့်ဘူးဆိုရင် အမေရိကန် အနေနဲ့ အီရန်ရဲ့ ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက်ပြီး ဖျက်ဆီးပစ်ရလိမ့်မယ်လို့ ထရမ့်က Truthမှာ ရေးသားထားခဲ့ပါတယ်။ ပြီးတော့ အကြီးဆုံး တစ်ခုကို အရင်ဆုံး ပစ်ခတ်မယ်လို့လည်း ထရမ့်က ဆိုပါတယ်။အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက အီရန်အပေါ် စစ်ပြုတိုက်ခိုက်နေတဲ့ နိုင်ငံတွေနဲ့ မဟာမိတ်တွေရဲ့ သင်္ဘောတွေကိုသာ ရေလက်ကြား ဖြတ်သန်းခွင့် ပိတ်ထားတာလို့ ပြောပေမယ့် လက်တွေ့မှာတော့ တခြားနိုင်ငံတွေရဲ့ သင်္ဘောတွေပါ ဟောမုဇ်နဲ့ အနီးတဝိုက်မှာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရပါတယ်။ထရမ့်ရဲ့ ၄၈ နာရီ ရာဇသံနဲ့ ပတ်သက်ပြီး အီရန်စစ်တပ်ကတော့ တကယ်လို့ အီရန်ရဲ့ ဓာတ်အားပေး စက်ရုံတွေ တိုက်ခိုက် ခံလာရပြီဆိုရင် ဒေသတွင်းမှာရှိတဲ့ အမေရိကန်ပိုင်နဲ့ သက်ဆိုင်ရာ နိုင်ငံ အစိုးရတွေက ပိုင်ဆိုင်တဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ၊ ဆားငန်ရေကနေ ရေချိုအဖြစ် သန့်စင်တဲ့ စက်ရုံတွေကို လက်တုံ့ပြန် တိုက်ခိုက်မယ်လို့ သတိပေးထားပါတယ်။ မတ်လ ၂၁ ရက်နေ့က အီရန်ရဲ့ ဒုံးကျည်နှစ်စင်းဟာ အစ္စရေးနိုင်ငံ တောင်ပိုင်းမှာ ကျရောက်ပေါက်ကွဲပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ အစ္စရေးအပေါ် အီရန်ရဲ့ လက်တုံ့ပြန်မှုတွေထဲမှာ ထိချက်အပြင်းဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အစ္စရေး လေကြောင်းကာကွယ်ရေး စနစ်တွေကို ဖြတ်ကျော်လာခဲ့တဲ့ အီရန်ဒုံးကျည်တွေဟာ ဒီမိုနာမြို့ရဲ့ လူနေဧရိယာတစ်ခုကို အကြီးအကျယ် ပျက်စီးစေခဲ့သလို မြေပြင်မှာပါ ချိုင့်ခွက်ကြီးတွေ ဖြစ်သွားစေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ အစ္စရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ တစ်နေ့တာ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အီရန်ကို ဆက်လက် တိုက်ခိုက်နေဦးမယ်လို့ ကြုံးဝါးသွားပါတယ်။ အီရန်ကတော့ နိုင်ငံရဲ့ နာတန်ဇ် နျူကလီးယား စက်ရုံကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် အခုလို လက်တုံ့ပြန်ခဲ့တာလို့ ကြေညာထားပါတယ်။ အဲဒီနေ့က အီရန်ဟာ အစ္စရေးတောင်ပိုင်း မြို့တွေသာ မကဘဲ ကူဝိတ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ စစ်စခန်းတွေကိုပါ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း အီရန်စစ်ဘက်က အတည်ပြုသွားပါတယ်။



