မိုးရာသီ အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင် မီးရှို့ခြင်းများမပြုလုပ်ရန်အတွက် မီးခိုမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ မှ အသိပေးတားမြစ်ထားကြောင်း သိရပါတယ်။အဆိုပါအသိပေးတားမြစ်ချက်အရ ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူနှင့် PM2.5 လေထုညစ်ညမ်းခြင်းကို လျှော့ချနိုင်ရန် တောင်ယာခုတ်ထွင်မီးရှို့ခြင်း မပြုလုပ်သည့် ဒေသများမှ စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ် ပြောင်းများကိုသာ တင်သွင်းခွင့်ပြုနေကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံအနေဖြင်လည်း ၎င်းနိုင်ငံသို့တင်ပို့မည့် အစေ့ထုတ်ပြောင်းဆန်များကို စိုက်ပျိုးထွက်ရှိရာဒေသများတွင် တောင်ယာခုတ်ထွင်မီးရှို့ခြင်း ရှိ/မရှိကို စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံ မိုးလေဝသဌာန(ASEAN Specialized Meteorological Centre – ASMC)က ပေးပို့သည့် Fire Hotspot ဖြစ်ပေါ်တွေ့ရှိမှုများကို အခြေခံကာ နောက်ကြောင်းပြန် စိစစ်သည့် အစီအစဉ်များဖြင့် စနစ်တကျစိစစ်၍ မီးခိုမြူကင်းစင်ကြောင်း ထောက်ခံချက် ထုတ်ပေးရေး လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အနေဖြင့် ထောက်ခံချက်များကို ထုတ်ပေးလျက် ရှိကြောင်း ပါရှိပါတယ်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးမည့် တောင်သူများအနေဖြင့် အစေ့ထုတ်ပြောင်း (မိုး) စိုက်ရာသီမတိုင်မီ စိုက်ပျိုးမည့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင် မီးရှို့ခြင်းကို လုံးဝ(လုံးဝ)ဆောင်ရွက်ခြင်းမပြုရန် အသိပေး တားမြစ်ထားကြောင်း သိရပါတယ်။



