အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် မြင့်တက်လာသော ရေနံဈေးနှုန်းများကို လျှော့ချရန်ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ထရမ့်ပ်အစိုးရသည် အီရန်ရေနံဝယ်ယူမှုအပေါ် ပိတ်ဆို့ထားမှုများကို သောကြာနေ့တွင် ရက် ၃၀ ကင်းလွတ်ခွင့်ပေးလိုက်ကြောင်း ရိုက်တာသတင်း ဌာနက ဖော်ပြခဲ့သည်။ ထိုကင်းလွတ်ခွင့်ကြောင့် ကမ္ဘာ့ဈေးကွက်များသို့ ရေနံစည်ပေါင်း သန်း ၁၄၀ ခန့် ရောက်ရှိမည်ဖြစ်ကာ စွမ်းအင်ထောက်ပံ့ ဖြည့်တင်းဝယ်ယူမှုအပေါ် ဖိအားများကို သက်သာရာရစေမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က X ပေါ်ပို့စ်တင်ခဲ့သည်။ အီရန်အပေါ် အမေရိကနှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများသည် သီတင်းသုံးပတ်နီးပါးရှိလာပြီးနောက် ရေနံဈေးနှုန်းများမြင့်တက်လာခြင်းသည် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများမတိုင်မီ အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအပေါ် ထိခိုက်လာမည့်အရေးအတွက် အိမ်ဖြူတော်၏ စိုးရိမ်ပူပန်မှုကို ယခုလုပ်ရပ်က ထင်ဟပ်စေသည်။ ကြားဖြတ်ရွေးကောက်ပွဲ အလွန်၌ ကွန်ဂရက်ကို ဆက်လက်ထိန်းချုပ်သွားနိုင်မည်ဟု သမ္မတဒေါ်နယ်ထရမ့်ပ်၏ လုပ်ဖော်ကိုင်ဖက် ရီပတ်ဘလီကန်များက မျှော်လင့်ထားသည်။



