နယ်စပ်ဂိတ်များတွင် ကြန့်ကြာမှုများကြောင့် ဖရဲသီးများ အရည်အသွေးနိမ့်ကာ ဈေးနှိမ်ခံနေရကြောင်း ကုန်သည်များထံမှ သိရပါသည်။တရုတ်နှစ်သစ်ကူးပွဲတော်အပြီး နောက်ပိုင်းကာလများတွင် လုံခြုံရေးစစ်ဆေးမှုများကြောင့် တရုတ်နိုင်ငံအတွင်းသို့ အဝင်နှောင့်နှေးနေကြောင်း သိရပါသည်။"ဈေးကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဖရဲ၊ သခွားကားတွေက ချက်ချင်းဝင်ခွင့်မရတော့ ရက်လွန်ပြီး အသီးတွေက အရည်အသွေး ကျကုန်တယ်။ အဲဒီတော့ တရုတ်တွေက ဈေးနှိမ်ပြီး အောက်ဈေးနဲ့ပဲ ဖြတ်ဝယ်ကြတယ်။ ဒါပေမဲ့ ကုန်သည်တွေမှာတော့ တခြားရွေးချယ်စရာမရှိဘဲ တရုတ်ကိုပဲ အားကိုးပြီး တင်ပို့နေရတုန်းပါပဲ" ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။
အဆိုပါ အခက်အခဲများကြောင့် ကုန်သည်များအနေဖြင့် ဖရဲ၊ သခွား ပို့ကုန်ပြန်ရငွေအတွက် ရုန်းကန်နေရကြောင်း သိရပါသည်။"အသီးကောင်းရင် အရောင်းအဝယ် သွက်တယ်။ အသီးညံ့ရင် ဈေးပေးမယ့်လူမရှိတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အခုက အရင်းအနှီးတွေ အများကြီး စိုက်ထုတ်ထားရတာ။ ဒီရောက်မှ ပစ္စည်းဖိုး တစ်ပြားမှမကျန်တော့ဘဲ ဈေးနှိမ်ခံရတယ်။ အခုဟာက ပို့ကုန်ပြန်ရငွေရဖို့တောင် မလွယ်တော့ဘူး" ဟု ဖရဲ၊ သခွား တင်ပို့သူတစ်ဦးက ဆိုသည်။သို့ဖြစ်၍ အရည်အသွေးကောင်းသည့် အသီးများကိုသာ တင်ပို့ရန်နှင့် အချိန်ကြန့်ကြာမှုရှိနိုင်သဖြင့် အရည်အသွေး အထူးကောင်းမွန်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သုံးသပ်ကြပါသည်။
အချို့ကုန်သည်များအနေဖြင့်လည်း သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်နေသည့်အတွက် ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းချပါက အကျိုးအမြတ် ပိုရနိုင်ကြောင်း ဈေးကွက်နားလည်သူများက ပြောဆိုမှုများလည်း ရှိသည်။


