ပါရှန်းပင်လယ်ကွေ့အတွင်းရှိ စွမ်းအင်ဆိုင်ရာ
အဆောက်အအုံများကို တိုက်ခိုက်မည်ဟု အီရန်က ခြိမ်းခြောက်ပြီး နာရီပိုင်းအကြာတွင် ကာတာနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့သည့် စက်ရုံဝင်းအတွင်းသို့ အီရန်ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့ရာ "ပြင်းထန်သော ပျက်စီးမှုများ" (Extensive Damage) ဖြစ်ပေါ်ခဲ့ကြောင်း ကာတာအာဏာပိုင်များက ဗုဒ္ဓဟူးနေ့ညနှောင်းပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။ Ras Laffan စက်မှုမြို့တော်အတွင်းရှိ အဆိုပါ LNG စက်ရုံသည် ကမ္ဘာ့ LNG ထောက်ပံ့မှု စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ကို တာဝန်ယူထားသည့် အရေးပါသော နေရာတစ်ခုဖြစ်သည်။ အီရန်၏ ဒုံးကျည် ၅ စင်းဖြင့် ပစ်ခတ်မှုတွင် ကာတာကာကွယ်ရေးတပ်ဖွဲ့များက ၄ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း ၁ စင်းမှာ စက်ရုံဝင်းအတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စက်ရုံအတွင်း မီးလောင်မှုများ ဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင် မီးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကာတာပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ကံကောင်းထောက်မစွာပင် တိုက်ခိုက်မှုမတိုင်မီ နာရီပိုင်းအလိုကပင် ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သောကြောင့် လူသေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း နိုင်ငံပိုင် QatarEnergy က ထုတ်ပြန်ထားသည်။ ယခုတိုက်ခိုက်မှုသည် အစ္စရေးက အီရန်၏ အကြီးဆုံး South Pars ဓာတ်ငွေ့မြေကို တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် လက်တုံ့ပြန်မှုတစ်ခုဖြစ်ပြီး အီရန်က ကာတာ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး နိုင်ငံတို့ရှိ စွမ်းအင်ဆိုင်ရာ နေရာများကို "တရားဝင် ပစ်မှတ်များ" အဖြစ် သတ်မှတ်ကြောင်း သတိပေးခဲ့ပြီးနောက် ၎င်းတိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ဤတိုက်ခိုက်မှုသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ ယင်းနောက် ၂၄ နာရီအတွင်း အီရန်စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ အရာရှိများကို နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးခဲ့သည်။Ras Laffan စက်ရုံ ပျက်စီးမှုကြောင့် ကမ္ဘာ့ LNG ဈေးကွက်အတွင်း ထောက်ပံ့မှု ပြတ်တောက်နိုင်ခြေအပေါ် စိုးရိမ်မှုများ မြင့်တက်နေလျှက်ရှိပြီး Brent ရေနံစိမ်းဈေးသည် ၈ ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး တစ်စည်လျှင် ၁၁၁.၉၀ ဒေါ်လာအထိ ရောက်ရှိလာခဲ့သည်။အထူးသဖြင့် အာရှနှင့် ဥရောပနိုင်ငံများတွင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ကာတာ LNG ကို အဓိကအားထားနေရသဖြင့် စွမ်းအင်ဈေးနှုန်းများ စံချိန်တင် မြင့်တက်လာဖွယ် ရှိနေသည်။



