ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမည့် ရေယာဉ်များ လုံခြုံရေးအတွက်စစ်သင်္ဘောများ စေလွှတ်ပေးကြရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏တောင်းဆိုချက်ကို စပိန်၊ အီတလီ နှင့် ဂျာမနီအပါအဝင် အနောက်အုပ်စု မိတ်ဖက်နိုင်ငံအများအပြားက မတ် ၁၆ ရက်တွင် ပယ်ချခဲ့ကြောင်းသိရသည်။လက်ရှိအချိန်တွင် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ်ကို အကူ အညီ ပေးရေးအတွက် စစ်သင်္ဘောများစေလွှတ်ရန် အစီအစဉ်မရှိသေးကြောင်း ဂျာမနီ၊ စပိန်နှင့် အီတလီတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် အကူအညီပေးရေးတောင်းဆိုချက်ကို အထက်ပါနိုင်ငံများက ငြင်းပယ်ခဲ့ပြီးနောက် ယင်းနိုင်ငံများကို ကျေးဇူးကန်းသည့် နိုင်ငံများ အဖြစ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြင်းထန်စွာဝေဖန်ခဲ့သည်။ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးကြိုးပမ်းမှု များကို အကူအညီပေးရန် စိတ်အားထက်သန်သည့်နိုင်ငံများရှိနေကြသလို အမေရိကန်ပြည်ထောင်စု၏ အကူအညီ နှင့်အကာအကွယ်ကို နှစ်ပေါင်းများစွာ ရယူခဲ့သော်လည်း အကူအညီမပေးလိုသည့်နိုင်ငံ များလည်း ရှိနေကြောင်း သမ္မတဒေါ်နယ်ထရန့်ကအိမ်ဖြူတော်အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။ပါရှန်ပင်လယ်ကွေ့ကိုအိုမန်ပင်လယ်ကွေ့၊အာရေးဗီးယန်းပင်လယ်တို့နှင့်ချိတ်ဆက်ပေးထားသော ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု ၂၀ ရာခ်ိုင်နှုန်းပုံမှန်ဖြတ်သန်းနေရသော ရေလက် ကြားဖြစ်သည်။ အမေရိကန်နှင့်အစ္စရေးတို့က အီရန်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဟော်မုဇ်ရေလက်ကြား ရေကြောင်းလမ်းများ ပိတ်ခဲ့ရသည်။



