၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) အရ ထိုင်းနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေဟာ စိုးရိမ်စရာ အဆင့်မှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံဟာ အမှတ် ၁၀၀ မှာ ၃၃ မှတ်သာ ရရှိပြီး ကမ္ဘာ့အဆင့် ၁၁၆ မှာ ရပ်တည်နေပါတယ်။ အာဆီယံ ဒေသတွင်းမှာလည်း အရင်က အဆင့် ၅ ရှိခဲ့ရာကနေ အခုအခါ အဆင့် ၇ ကို ကျဆင်းသွားပြီး စင်ကာပူ၊ ဘရူနိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်တို့ရဲ့ နောက်မှာ ရောက်ရှိနေသလို အင်ဒိုနီးရှားနဲ့ လာအိုတို့နဲ့ အမှတ်ကွာဟမှု သိပ်မရှိတာကြောင့် အုပ်ချုပ်ရေးပိုင်းအပေါ် ယုံကြည်မှု ကျဆင်းလာစေပါတယ်။ဒီရလဒ်တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ CPI ရမှတ် တိုးတက်လာဖို့ဆိုရင် အစိုးရရဲ့ ပြတ်သားတဲ့ နိုင်ငံရေးဆန္ဒအပြင် အစိုးရ၊ ပုဂ္ဂလိကနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က မှတ်ချက်ပြုထားပါတယ်။Transparency International အဖွဲ့ကတော့ အဂတိလိုက်စားမှုတွေကို ဖြေရှင်းဖို့ အကြံပြုချက်တွေ ထုတ်ပြန်ထားပါတယ်။ အဓိကအားဖြင့် နိုင်ငံရေးနဲ့ စီးပွားရေး သြဇာလွှမ်းမိုးမှုတွေကနေ ကင်းလွတ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် တစ်ခု တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် နိုင်ငံရေး ပါတီတွေနဲ့ မူဝါဒချမှတ်သူတွေကို ငွေကြေးထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိစေဖို့နဲ့ အဂတိလိုက်စားမှုကြောင့် နစ်နာရသူတွေ တရားမျှတမှု ရရှိနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လည်း အကြံပြုထားပါတယ်။သတင်းလွတ်လပ်ခွင့် အပါအဝင် ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို မြှင့်တင်ပေးဖို့နဲ့ အစိုးရရဲ့ ဘတ်ဂျက်သုံးစွဲမှုတွေ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ စောင့်ကြည့်စစ်ဆေးနိုင်မယ့် ယန္တရားတွေ အားကောင်းလာစေဖို့ အကြံပြုထားပါတယ်။ နောက်ဆုံး အချက်အနေနဲ့ ပြည်တွင်းမှာ အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်တွေ တည်ဆောက်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ကြီးမားတဲ့ အဂတိလိုက်စားမှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ငွေကြေးခဝါချမှုတွေကို ထိထိရောက်ရောက် တားဆီး အရေးယူသွားဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။



