လက်ရှိအချိန်တွင် ရာသီဥတု ပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သော နေရာ/အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ်များကို ယနေ့ မတ် ၁၈ ရက် ရက်မှ စတင်ပြုလုပ်မယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။တက္ကသိုလ်ဝင် စာမေးပွဲပြီးစီးသွားသည့်ရက်များမှ စတင်၍ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အား သုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ယခုလို စီစဉ်ရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အားလိုအပ်ချက် ၄၆၆၄ မဂ္ဂါဝပ်ကို ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်း တို့ကြောင့် LNG သုံးဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်းထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃,၆၀၀ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိတယ်လို့ သိရပါတယ်။ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို ယခုအချိန်အခါ မတ်လဟာ နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဆည်များတွင်စုဆောင်းထားရှိသည့် ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် စတင်ထိန်းသိမ်းရမည့်အချိန်ကာလ ဖြစ်သော်လည်း တက္ကသိုလ်ဝင် စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရန်အတွက် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့် တိုးမြှင့်ထုတ်လုပ် ဖြန့်ဖြူးပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
သို့ရာတွင် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများအား ဝန်အားမျှတ ခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) မပြုလုပ်ဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးထားမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) ဆောင်ရွက်ရမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးပါရန်လည်း ဝန်ကြီးဌာနမှ မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။လက်ရှိကာလ နွေရာသီပူပြင်းလာမှုနှင့်အတူ ဝန်အားသုံးစွဲမှုတက်လာသဖြင့် ပုံမှန်အလှည်ကျ ဝန်အားလျှော့ခြင်း(Plan Load Shed)သည် နေ့ဘက်တွင် အနည်းငယ်ရှိနိုင်ကြောင်းလည်း မြို့နယ်လျှပ်စစ် တာဝန်ရှိသူအချို့ထံက သိရပါတယ်။



