ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ဒိုင်းမွန်းကွန်ဒို၌ ကိုရီးယားဘာသာစကားသင်တန်းဖွင့်လှစ်၍ Blind Date ပြုလုပ်ပေးသူ ကိုရီးယားနိုင်ငံသားအပါအဝင်သုံးဦးကို အလုပ်နှင့်ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနကထုတ်ပြန်သည်။ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နေ မကျော့ကေခိုင်သည် မော်ဒယ်သင်တန်းတက်ရောက်နေသူ မြန်မာအမျိုးသမီးတစ်ဦးကို အဆိုပါကိုရီးယားဘာသာစကားသင်တန်းဖွင့်လှစ်ထားသူ တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) နှင့်မိတ်ဆက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ဟောင်ဟီဝှမ်းမှ ယင်းမြန်မာအမျိုးသမီးကို တောင်ကိုရီးယားနိုင်ငံသားနှင့်လက်ထပ်မည်ဆိုပါက တစ်လလျှင်ငွေကျပ် ၁၅ သိန်းမှသိန်း ၂၀ အထိပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးမှုကို ဟောင်ဟီဝှမ်း၏ကိုရီးယားဘာသာစကားသင်တန်းတွင်အလုပ်လုပ်ကိုင်နေသည့် နိုဇင်မိုး(ခ)စုဂျင်း က ဘာသာပြန်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါမြန်မာအမျိုးသမီးနှင့် တောင်ကိုရီးယားနိုင်ငံသား Mr. Bang Gyeong Cheol တို့ကို ရွှေတိဂုံစေတီနှင့်ပြည်သူ့ရင်ပြင်၌ မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံရိုက်ကူးပေးခဲ့ပြီး သုံးရက်ခန့်ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ ထို့နောက်တောင်ကိုရီးယားနိုင်ငံသည် ၎င်းနိုင်ငံသို့ပြန်သွားကာ ဟောင်ဟီဝှမ်းထံငွေကျပ်သိန်း ၆၀၀ ခန့်ပေးခဲ့ကြောင်း၊ ဟောင်ဟီဝှမ်းမှ ပေါင်းသင်းနေထိုင်ခဲ့သည့်အမျိုးသမီးကို ငွေကျပ်သိန်း ၂၀ သာပေးခဲ့ကြောင်းသိရသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ယခုမတ်လ ၁၃ ရက်တွင် ကမာရွတ်ခရိုင်တရားရုံးမှ တောင်ကိုရီးယားနိုင်ငံသားဟောင်ဟီဝှမ်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်၊ ကျော့ကေခိုင်နှင့် နိုဇင်မိုး (ခ) စုဂျင်းတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။



