စက်သုံးဆီအခက်အခဲ ဖြစ်ပေါ်နေချိန် အခွင့်ကောင်းယူပြီး ယာဥ်စီးခ ပိုတောင်းတဲ့ CNG တက္ကစီတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မနေ့ မတ် ၁၅ ရက်က နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ သတိပေး ပြောဆိုခဲ့ပါတယ်။စွမ်းအင် ဝန်ကြီးဌာနအနေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အရေးပါတဲ့ YBS ယာဉ်တွေနဲ့ တက္ကစီယာဉ်တွေ (ဒါမှမဟုတ်) သဘာဝဓာတ်ငွေ့ (CNG) တွေကို မပြောင်းလဲတဲ့ ဈေးနှုန်းဖြစ်တဲ့ ၁ ကီလိုဂရမ်ကို ၂၇၃ ကျပ် ၂၅ ပြားနှုန်းနဲ့ ၂၀၀၇ ခုနှစ်ကနေ စတင်ပြီး ရောင်းချပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါကြောင့် ဒီဈေးနှုန်းတွေဟာ နိုင်ငံတကာဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေတာ ဖြစ်သလို စက်စွမ်းအားတူညီတဲ့ ဓာတ်ဆီ၊ ဒီဇယ်သုံး မော်တော်ယာဉ်တွေရဲ့ တူညီခရီး အကွာအဝေးနဲ့ လောင်စာဆီ ကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါကလည်း CNG ဟာ သုံးပုံ တပုံခန့်သာ ကုန်ကျမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။အငှားယာဉ် စီးနင်းသူတွေကတော့ စုံ/မ သတ်မှတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ဆီကားတွေသာမက CNG, EV ကားတွေပါ ကားငှားရမ်းခ ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်စွမ်းအင်ဝန်ကြီးဌာနကတော့ ခရီးသည်တွေအနေနဲ့ CNG တက္ကစီတွေ ယာဥ်စီးခ ပိုမိုတောင်းခံပါက ရန်ကုန်မှာရှိတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ညွှန်ကြားရေးမှူးရုံးကို တိုင်ကြားနိုင်သလို နီးစပ်ရာ ယာဥ်ထိန်းရဲတပ်ဖွဲ့ ရုံးတွေမှာ တိုင်ကြားနိုင်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။



