ဒီနေ့ မတ်လ ၁၆ ရက်က ဘုရင့်အမိန့်ပြန်တမ်း ထွက်ပေါ်လာပြီးနောက်မှာတော့ ထိုင်းနိုင်ငံ ရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌအသစ်ဖြစ်လာတဲ့ Sophon Saram က နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ရွေးချယ်မယ့် မဲပေးပွဲကို လာမယ့် မတ်လ ၁၉ ရက်နေ့ လွှတ်တော်အစီအစဉ်မှာ ထည့်သွင်းကျင်းပသွားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ နိုင်ငံက အကျပ်အတည်းတွေ အများအပြားနဲ့ ရင်ဆိုင်နေရတဲ့အတွက် အခုလို ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို အမြန်ဆုံး ကျင်းပချင်တာလို့ လွှတ်တော်ဥက္ကဋ္ဌက ဆိုပါတယ်။ အထူးသဖြင့် လာမယ့် ဆုန်ခရန် အားလပ်ရက်တွေ မတိုင်ခင်မှာ အာဏာအပြည့်အဝရှိတဲ့ အစိုးရသစ်တစ်ရပ်ကို အမြန်ဆုံး ဖွဲ့စည်းနိုင်ဖို့ သူက ဆန္ဒရှိနေတာပါ။ ဒါကြောင့်လည်း ထိုင်းနိုင်ငံရေး အသိုင်းအဝိုင်းက အစောဆုံးဖြစ်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြတဲ့ မတ်လ ၁၉ ရက်နေ့ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။



