တနင်္သာရီတိုင်း၊ မြိတ်မှာ ဂျပန်စာသင်တန်းကျောင်း အေဂျင်စီတခုက ဂျပန်နိုင်ငံကို သွားမယ့်လူငယ်တွေဆီက ငွေကြေးအမြောက်အမြား ကြိုတင်တောင်းခံပြီး လိမ်လည်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။Future Japanese Language Center ဆိုတဲ့ အေဂျင်စီက ကျောင်းသားတယောက်ကို ငွေကျပ်သိန်း ၅၀ ကနေ သိန်း ၆၀၀ အထိ ကြိုတင်ယူခဲ့ပေမဲ့ ဂျပန်ဘက်က ကျောင်းတွေကို ငွေပေးသွင်းတာမျိုးမရှိတဲ့အတွက် လာမဲ့ ဧပြီလမှာ သွားရောက်ရမဲ့ ကျောင်းသား ၁၈ ယောက်ရဲ့ နေထိုင်ခွင့်လက်မှတ် (COE) တွေ အဖျက်သိမ်းခံလိုက်ရပြီး နစ်နာမှုတွေရှိနေတယ်လို့ နစ်နာသူတွေက ပြောပါတယ်။ကျောင်းသားမိဘတယောက်က “သင်တန်းစအပ်ကတည်းက အေဂျင်စီဖိုး သိန်း ၅၀ နဲ့ Show money ပြဖို့ သိန်း ၁၀၀ ပေးရတယ်။ နောက်ပြီး ကျောင်းသားတွေဆီက အကြောင်းအမျိုးမျိုးပြပြီး ပိုက်ဆံတွေ သိန်းရာချီ ထပ်တောင်းတယ်။ ပိုက်ဆံမပေးရင် ဂျပန်ကို မထွက်ရဘူးလို့ ကျောင်းသားတွေကို အမျိုးမျိုးခြမ်းခြောက်တယ်ဟု ပြောပါတယ်။အဆိုပါ အေဂျင်စီဟာ မြိတ်မြို့အပြင် ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်တွေမှာပါ သင်တန်းခွဲတွေ ဖွင့်ထားပြီး ထားဝယ်ဘက်မှာလည်း ကျောင်းသားတွေရဲ့ နစ်နာမှုတန်ဖိုး ကျပ်သိန်း ၂ သောင်းကျော် ရှိတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။



