ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၀,၀၀၀ ကျော်ရှိပြီး ယခင်နှစ် ကထက် ငါးသောင်းဝန်းကျင်တိုးလာကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည့်အချက်အလက်များအရသိရသည်။ ရန်ကုန်နှင့်မန္တလေးတိုင်းတို့တွင် ယမန်နှစ်ကထက် တစ်သောင်းဝန်းကျင်စီ တိုးလာကာ ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်း ဖြေဆိုသူအနည်းငယ် တိုးလာကြောင်း သိရသည်။ရန်ကုန်တိုင်းတွင် ယခုနှစ်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၄၆,၈၈၉ ဦး၊ မန္တလေး တိုင်းတွင် ၄၅,၆၃၅ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ ယမန်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန် တိုင်းမှ ၃၇,၄၆၈ဦး၊မန္တလေးတိုင်းမှ ၃၄,၃၈၃ဦး ဖြေဆိုခဲ့သည်။ယမန်နှစ်ကဖြေဆိုသူ ၁၂,၅၀၀ကျော်ရှိခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေတွင် ယခုနှစ်ဝင်ရောက် ဖြေဆိုသူ ၁၄,၀၀၀ ကျော်၊ ဧရာဝတီတိုင်းတွင် ယမန်နှစ်က ဖြေဆိုသူ ၃၂,၀၀၀ ကျော်ရှိရာမှ ယခုနှစ်တွင် ၃၆,၀၀၀ ကျော် ဖြေဆိုခဲ့သည်။စစ်ကိုင်းတိုင်းတွင် ယမန်နှစ်က ၁၀,၀၀၀ နီးပါးဖြေဆိုခဲ့ကာ ယခုနှစ်တွင် ၁၂,၅၀၀ ကျော်၊ ယမန်နှစ်က ၁၈,၀၀၀ နီးပါးဖြေဆိုခဲ့သည့် မကွေးတိုင်းတွင် ယခုနှစ်ဖြေဆိုသူ ၂၁,၀၀၀ ကျော်၊ ယမန်နှစ်က ဖြေဆိုသူ ၂၂,၀၀၀ ဝန်းကျင်ရှိခဲ့သည့် ပဲခူးတိုင်းတွင် ယခုနှစ်ဖြေဆိုသူ ၂၆,၀၀၀ ခန့်နှင့်ယမန်နှစ်က ဖြေဆိုသူ ၄,၅၀၀ ကျော်ရှိခဲ့သည့် တနင်္သာရီတိုင်းတွင် ယခုနှစ်ဖြေဆိုသူ ၆၀၀၀ နီးပါး အသီးသီးရှိကြောင်း ပညာရေးဝန်ကြီး ဌာန အချက်အလက်များအရသိရသည်။ထို့အတူ ပြည်နယ်များတွင်လည်း ကချင်၊ ရှမ်းနှင့်မွန်ပြည်နယ်တို့တွင် ယခင်နှစ်ကထက် ဖြေဆိုသူထောင် ဂဏန်းခန့်စီ အနည်းငယ်တိုးလာပြီး ကရင်၊ ကယား၊ ရခိုင်နှင့်ချင်းတို့တွင် ရာဂဏန်းခန့်တိုးလာကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည့် အချက်အလက်များတွင်တွေ့ရသည်။စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးပြီးနောက် ပျက်ကွက်သည့် စာရင်းတွင်လည်း ယမန်နှစ်က ၁၂,၀၀၀ ခန့်ရှိရာမှ ယခုနှစ်တွင် ၁၃,၅၀၀ ကျော်ရှိကြောင်းသိရသည်။
| 29 | 0 | 0 | 0 |


