ပါရှန်ပင်လယ်ကွေ့ဒေသ ခါ့ဂ်ျကျွန်းပေါ်ရှိအီရန်စစ်ရေးပစ်မှတ်များကို အမေရိကန်စစ်ဘက် က ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ် ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ပါရှန်ပင်လယ်ကွေ့ဒေသ၌ တည်ရှိသောခါ့ဂ်ျကျွန်းသည် အီရန်၏ ရေနံတင်ပို့မှုလုပ်ငန်း ဗဟိုချက်နယ်မြေဖြစ်သည်။ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာနေသော ရေနံတင်သ င်္ဘောများနှင့် ကုန်တင်သင်္ဘောများကို အီရန်နိုင်ငံက ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက ခါ့ဂ်ျကျွန်း ရေနံလုပ်ငန်း အခြေခံအဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးမည်ဖြစ် ကြောင်းသမ္မတဒေါ်နယ်ထရန့်က သတိပေးထားသည်။အမေရိကန်စစ်ဘက်အနေဖြင့် ခါ့ဂ်ျကျွန်းပေါ်ရှိ အီရန်စစ်ရေးပစ်မှတ်မှန်သမျှကို တိုက်ခိုက် ချေမှုန်းခဲ့ပြီး ရေနံလုပ်ငန်း အခြေခံအဆောက်အအုံများကိုမူ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာစာမျက်နှာပေါ်တွင်ရေးသားထားသည်။ခါ့ဂ်ျကျွန်းသည် အီရန်ကမ်းရိုးတန်းနှင့် ၁၆ မိုင်အကွာ၊ ဟော်မုဇ်ရေလက်ကြားအနောက် မြောက်ဘက် မိုင် ၃၀၀ ခန့်အကွာတွင်တည်ရှိသော အီရန်နိုင်ငံပိုင်ကျွန်းဖြစ်သည်။ အဆိုပါကျွန်းသည် အီရန်၏ ရေနံတင်ပို့မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းကို ကိုင်တွယ်ပေးနေသော ကျွန်းဖြစ်သည်။အီရန်၏ ရေနံအခြေခံအဆောက်အအုံများကိုတိုက်ခိုက်ပါက တုံ့ပြန်မည် ဖြစ်ကြောင်း အီရန်အစိုးရက ပြောကြားထားသည်။



