ရေနံတင်သင်္ဘောများ တရုတ်ယွမ်ငွေဖြင့် အရောင်းအဝယ်လုပ်လျှင် ဟော်မုဇ်ရေလက်ကြားကို အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်ပြုရန် အီရန်အစိုးရက စဉ်းစားနေကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦးက CNN သတင်းဌာနကို မတ်လ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။ ယင်းခြေလှမ်းသည် မဟာဗျူဟာမြောက် ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောများ သွားလာမှုကို စီမံကိုင်တွယ်ရန် အီရန်အစိုးရ၏ အစီအစဉ်ထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း အဆိုပါ အီရန်အရာရှိက ဆိုသည်။ ကမ္ဘာ့ရေနံအရောင်းအဝယ် အများစုကို အမေရိကန်ဒေါ်လာဖြင့်သာ အဓိကလုပ်ဆောင်နေသော်လည်း ပိတ်ဆို့အရေးယူခံထားရသည့် ရုရှားရေနံကိုမူ ရူဘယ် သို့မဟုတ် ယွမ်ငွေဖြင့် ဈေးနှုန်းသတ်မှတ်ထားသည်။



