အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တက်တူးဆရာမတစ်ဦးဟာ သူမရဲ့ တက်တူးဆိုင်အပြင်ဘက်မှာ ရုရှားခရီးသွားတစ်ဦးက ရင်သားကို အဓမ္မကိုင်တွယ်ခြင်း ခံခဲ့ရတာကြောင့် ပတ္တရားမြို့မရဲစခန်းမှာ တိုင်ချက်ဖွင့်လိုက်ပါတယ်။ အမည်ကို “ကူလ်စီရီဆန်ဂျာကွန်” လို့သာ ဖော်ပြထားတဲ့ အဆိုပါ အမျိုးသမီးက ထိုင်းရဲတပ်ဖွဲ့ကို ပြောပြရာမှာတော့ ဒီဖြစ်စဉ်ဟာ မတ်လ ၁၁ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်က သူမဟာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ အပန်းဖြေကမ်းခြေမြို့ ပတ္တရားရဲ့ ပတ္တရားဒုတိယလမ်း၊ လမ်းသွယ် ၅ (Soi 5) မှာရှိတဲ့ သူမရဲ့ တက်တူးဆိုင်ရှေ့မှာ ထိုင်နေတာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ တက်တူးအကြောင်း လာရောက်မေးမြန်းတဲ့ ခရီးသွားတွေကို သူမ ပုံမှန် စကားပြောနေကြနေရာလည်း ဖြစ်ပါတယ်။
တက်တူးဆရာမရဲ့ ပြောပြချက်အရ ကြာသပတေးနေ့ညနေပိုင်းမှာ ရုရှားစကားပြောတဲ့ နိုင်ငံခြားသား အမျိုးသား ၃ ဦးဟာ သူမဆီကို လာရောက်ပြီး တက်တူးဈေးနှုန်းတွေကို မေးမြန်းခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ဒါဟာ သူမရဲ့လက်ရာကို စိတ်ဝင်စားလို့ ကြည့်တာလို့ပဲ သူမက ထင်ခဲ့တာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ အင်္ကျီအဖြူဝတ်ထားတဲ့ အမျိုးသားတစ်ဦးက သူမရဲ့ ရင်သားကို လှမ်းပြီး ကိုင်တွယ်ခဲ့ပြီးနောက် အဲဒီအုပ်စုဟာ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားခဲ့ကြပါတယ်။



