ရှမ်းပြည်၊ လားရှိုးမြို့မှ ကားတစ်စီးအား နီးစပ်သိ ကျွမ်းသူတစ်ဦးက မောင်းနှင်ထွက်ပြေးသွားရာ လက်ရှိတွင် ကျိုင်းတုံ၌ ရှိနေကြောင်း သိရပြီး ဝယ်ယူမှု သတိပြုရန် ပိုင်ရှင်ဖြစ်သူက သတိပေးထားသည်။ယင်းကားကို ယူဆောင် မောင်းနှင်သွားသူမှာ လားရှိုးမြို့မှ အေးသာယာမြို့သို့ ဘေးရှောင်လာသော မောင်ကောင်းသီဟ ဆိုသူဖြစ်ပြီး ကားပိုင်ရှင်နှင့် ယခင်တွင် ညီအစ်ကိုအရင်းလို ခင်မင်ယုံကြည်ရသူတစ်ဦးဖြစ်ကြောင်း ကားပိုင်ရှင်က ပြောသည်။
ယုံကြည်ပြီး ပေးထားတဲ့သူက ကားကို ယူပြီးထွက်ပြေးသွားတာပါ။ မတ်လ ၆ ရက်နေ့ကနေ ယူသွားကတည်းက အဆက်အသွယ်မရတော့ဘူး။ မနေ့ကတော့ ငွေကျပ် ၆ သိန်းပေးရင် ကားကို အေးသာယာမြို့ကို ပြန်ပို့ပေးမယ်လို့ ပြောခဲ့ပေမယ့် အခုထိ ပြန်မပို့သေးပါဘူး” ဟု ကားပိုင်ရှင်က ပြောသည်။
ယင်းကားမှာ လားရှိုး – တောင်ကြီး လမ်းကြောင်းတွင် ကုန်ပစ္စည်းများ တင်ဆောင်ပြေးဆွဲနေသော ကားဖြစ်ပြီး ကားနှင့်အတူ တင်ဆောင်ထားသည့် ကုန်ပစ္စည်းများလည်း အကုန်ပါသွားကြောင်း သိရသည်။
ကားကို ယူဆောင် ထွက်ပြေးသွားသူ မောင်ကောင်းသီဟမှာ ယခင်ကလည်း ဆိုင်ကယ်ခိုးယူမှု၊ ကားခိုးယူမှုများလည်း ပြုလုပ်ဖူးသူဖြစ်ပြီး မူးယစ်ပစ္စည်းများကိုလည်း သုံးစွဲနေသူဖြစ်ကြောင်း ဆိုသည်။ကားပိုင်ရှင်ဘက်မှ သိရသည့် အချက်အလက်များအရ ယင်းကားကို ယခုအချိန်ထိ ရောင်းချထားခြင်း မရှိသေးကြောင်း သိရပြီး ဆက်လက် လိုက်လံရှာဖွေပါက ပြန်လည်ရရှိနိုင်ခြေရှိကြောင်းလည်း သိရသည်။ယင်းကြောင့် ကားဝယ်ရောင်း လုပ်ကိုင်သူများနှင့် ဝယ်လက်များအနေဖြင့် ခိုးယူလာသည့် ကားကို ဝယ်ယူမိခြင်း မဖြစ်စေရန် သေချာစစ်ဆေးကြရန် ကားပိုင်ရှင်က သတိပေးထားသည်။ကားနှင့် မောင်းပြေးသူကိုတွေ့လျှင်လည်း ဖုန်း - 09684047688 သို့ခေါ်ဆိုပြီး အကြောင်းကြားပေးရန်လည်း ကားပိုင်ရှင်က တောင်းဆိုထားသည်။



