လေကြောင်းပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့အတွက် ထိုင်းနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသတချို့ကြား လေကြောင်းခရီးစဉ်တွေ တဖြည်းဖြည်း ပြန်လည်စတင်နေပြီဖြစ်တယ်လို့ ထိုင်းမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) က မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဆော်ဒီအာရေးဗျနဲ့ အိုမန်နိုင်ငံတို့ဆီ ပျံသန်းတဲ့ ခရီးစဉ်တွေဟာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်ပြီး ယူအေအီး (UAE) ကလည်း ကန့်သတ်ချက်တွေနဲ့အတူ ဝန်ဆောင်မှုတွေ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကူဝိတ်နဲ့ ဘာရိန်းခရီးစဉ်တွေကတော့ ရပ်ဆိုင်းထားဆဲဖြစ်ပါတယ်။
လေကြောင်းလိုင်းတွေရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် Emirates လေကြောင်းလိုင်းဟာ ဒူဘိုင်းကနေ ထိုင်းနိုင်ငံကို တစ်နေ့ နှစ်ကြိမ်သာ ပြေးဆွဲနေပေမယ့် နောက်အပတ်မှာ တိုးချဲ့ပြေးဆွဲသွားဖို့ ရှိနေပါတယ်။ Etihad နဲ့ Qatar လေကြောင်းလိုင်းတွေကလည်း ခရီးစဉ်အနည်းငယ်ကို ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။ ပုံမှန်ခရီးစဉ်တွေ ရပ်နားထားရတဲ့ Kuwait Airways နဲ့ Gulf Air လေကြောင်းလိုင်းတွေကတော့ အထူးခရီးစဉ်တွေကို လိုအပ်ချက်အရ စီစဉ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တို-က်ခို-က်မှုတွေကြောင့် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အရှေ့အလယ်ပိုင်း လေပိုင်နက်တချို့ ပိတ်ထားရဆဲဖြစ်ပေမယ့် နိုင်ငံတချို့က လုံခြုံရေးအစီအမံတွေကို ပြင်ဆင်ပြီး အခုလို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ပြန်လည်နာလန်ထူလာတဲ့ လက္ခဏာတွေ ရှိနေပေမယ့်လည်း အဲဒီဒေသရဲ့ လေကြောင်းအခြေအနေဟာ မသေချာသေးဘဲ လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး အချိန်မရွေး အပြောင်းအလဲဖြစ်နိုင်တယ်လို့ CAAT က သတိပေးထားပါတယ်။ခရီးသည်တွေအနေနဲ့ လေဆိပ်ကို မသွားခင် မိမိတို့ရဲ့ လေယာဉ်ခရီးစဉ် အခြေအနေကို သေချာစစ်ဆေးဖို့နဲ့ လမ်းကြောင်းပြောင်းလဲပျံသန်းရနိုင်တဲ့အတွက် အချိန်ပိုယူပြီး သွားကြဖို့ အကြံပြုထားပါတယ်။ လေကြောင်းလိုင်းတွေဆီကနေ အကူအညီအလုံအလောက် မရဘူးလို့ ခံစားရရင်ဖြစ်စေ၊ ဝန်ဆောင်မှုပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရရင်ဖြစ်စေ ခရီးသည်တွေအနေနဲ့ CAAT ထံကို တိုင်ကြားနိုင်ပါတယ်။



