မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး တောင်ကိုရီးယားနိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်နေသည့် အချစ်ကျားဖြန့် (Romance Scam) ငွေလိမ်ဂိုဏ်း၌ ပါဝင်ပတ်သက်နေသည်ဟု သံသယရှိရသော လူငယ်အမျိုးသားအများအပြားကို တောင်ကိုရီးယား အစိုးရရှေ့နေများက တရားစွဲဆိုလိုက်သည်။ဆိုးလ်အရှေ့ပိုင်းခရိုင် အစိုးရရှေ့နေရုံးက မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ချက်အရ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK Park ဟု လူသိများသည့် ရာဇ၀တ်မှုဇုန်အတွင်း အခြေစိုက်လှုပ်ရှားမှုတွင် ပါဝင်နေသည့် အသက် ၂၃ နှစ်မှ ၃၄ နှစ်အတွင်းရှိ အမျိုးသား ၉ ဦးကို ရာဇ၀တ်ဂိုဏ်းတွင် ပါဝင်ပတ်သက်မှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခံရသူ ၉ ဦးအနက် ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၃ ဦးကိုမူ ဖမ်းဆီးခြင်းမပြုဘဲ တရားစွဲဆိုထားသည်။ ကျန်ရှိနေသည့် တစ်ဦးမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။



