သီတင်းပတ်အနည်းငယ်အတွင်း ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ကျားဖျန့်စင်တာအားလုံးကို ပိတ်သိမ်းနိုင်ရန် မျှော်လင့်ထားကြောင်း ကမ္ဘောဒီးယားနိုင်ငံ၏ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်သည့် လုပ်ငန်းစဉ်ကို ဦးဆောင် သည့် အကြီးအကဲတစ်ဦးက မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက ကမ္ဘောဒီးယားအစိုးရသည် ကျားဖျန့်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ယူဆရသည့် နေရာပေါင်း ၂၅၀ ခန့်ကို ပစ်မှတ်ထားခဲ့ပြီး ကျားဖျန့်စင်တာစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့် ကျားဖျန့်စင်တာ ၂၀၀ ခန့်ကို ပိတ်ချနိုင်ခဲ့ကြောင်း အွန်လိုင်းလိမ်ညာမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မရှင် အကြီးအကဲဖြစ်သည့် ဝန်ကြီးချာဟေး သီနာရစ်သ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ကျားဖျန့်စင်တာများ ပြန်လည်ပေါ်ပေါက်လာမည့်အရေးကို တားဆီးရန် ကြိုးပမ်းခဲ့ပြီးနောက် အဆိုပါ ကျားဖျန့်လှုပ်ရှားမှုများကို ရဲတပ်ဖွဲ့က ဆက်လက်နှိမ်နင်းသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။



