အရှေ့အလယ်ပိုင်းဒေသ စ-စ်ပွဲတွေကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ ထိခိုက်လာပြီး ထိုင်းနိုင်ငံတစ်ဝန်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် စားသုံးသူတွေ စိုးရိမ်ပူပန်နေကြပါတယ်။ ကုန်ကြမ်းနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာကြောင့် ဝင်ငွေနည်းပါးတဲ့ မိသားစုတွေနဲ့ အသေးစား ကုန်သည်တွေရဲ့ ဘတ်ဂျက်ကို ထိခိုက်လာစေပါတယ်။နေ့ခင်းဘက် အပူချိန်လွန်ကဲမှုနဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် သီးနှံအထွက်နှုန်း ကျဆင်းလာပြီး သံပရာသီးလိုမျိုး အချို့ဟင်းသီးဟင်းရွက်တွေရဲ့ ဈေးနှုန်းတွေဟာ နှစ်ဆခန့်အထိ ခုန်တက်သွားပါတယ်။ စိုက်ပျိုးရေးသုံး မြေသြဇာတွေလည်း ရှားပါးလာနေပြီး စွမ်းအင်ဈေးနှုန်းတွေ ထပ်တက်လာရင် သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ကျစရိတ်တွေ ပိုမြင့်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေကလည်း သွင်းကုန်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးမြင့်လာတဲ့ဖိအားတွေကြောင့် လက်လီဈေးနှုန်းတွေကို ကန့်သတ်ထားဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စီးပွားရေးမရေရာမှုတွေကြားမှာ ပြည်သူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့အတွက် အစိုးရအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကို ထိန်းချုပ်ပေးဖို့ စားသုံးသူတွေက တောင်းဆိုနေကြပါတယ်။
ဒီအခြေအနေကို အစိုးရက အထူးလုပ်ငန်းအဖွဲ့နဲ့ နေ့စဉ် စောင့်ကြည့်နေတဲ့အတွက် အများပြည်သူအနေနဲ့ စိုးရိမ်ထိတ်လန့်တာမျိုး မလုပ်ကြဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီဆူသမ်ပွန်က တိုက်တွန်းထားပါတယ်။ ကုန်ပစ္စည်းဈေးနှုန်းတွေအပေါ် အဓိကသက်ရောက်နေတဲ့ စွမ်းအင်ဈေးနှုန်းတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ လိုအပ်လာရင် စားသုံးသူတွေကို အကာအကွယ်ပေးမယ့် မူဝါဒတွေချမှတ်နိုင်ဖို့ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူမက ထပ်လောင်းပြောကြားထားပါတယ်။



