ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ - ၄၊ မိုင်းလားမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းနားလမ်းရှိ ဈေးဆိုင်အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ယမန်နေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် မိုင်းလားမြို့ပေါ်ရှိ နမ့်ခိုက်ချောင်း ဘေးတစ်ဖက်တစ်ချက်တွင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်များ၏ မိုးကာတဲများ လေနှင့်အတူ လွင့်ပါသွားခဲ့ပြီး ရောင်းချသည့်ကုန်ပစ္စည်းများလည်း ပျက်စီးခဲ့ရသည်ဟု ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ဆိုင်ပေါင်း တစ်ရာကျော်ရှိတာမှာ မဖွင့်တဲ့ဆိုင်ကလွဲလို့ ကျန်တာအားလုံး ပျက်စီးကုန်တာပဲ။ သစ်ပင်သစ်ကိုင်းတွေလည်း ကျိုးကျတယ်၊ တဲတွေလည်း လွင့်ကုန်တယ်။ ပစ္စည်းတွေလည်း မိုးရေစိုပြီး အတော်များများ ပျက်စီးသွားတယ်" ဟု ၎င်းက ဆိုသည်။မိုးမှာ နံနက် ၄ နာရီမှ ၆ နာရီအထိ သည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဈေးတန်းရှိ ၂၄ နာရီ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်အများစုမှာ ပိုမိုထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ယင်းကမ်းနားလမ်းသည် လေကြောင်းကျသည့်နေရာ ဖြစ်နေသောကြောင့် ဈေးဆိုင်များကို မတ်လ ၁၇ ရက် နောက်ဆုံးထား၍ ဝမ်တုံရပ်ကွက်ရှိ ကားဝင်းအတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ကြရန် အုပ်ချုပ်ရေးပိုင်းက ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းလည်း သိရှိရသည်။



