အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် စွမ်းအင်အကျပ်အတည်းပေါ်ထွက် နေချိန်တွင် စွမ်းအင်သုံးစွဲမှု ချွေတာရေး စည်းမျဉ်းများလိုက်နာကြရန် အစိုးရဝန်ထမ်းများကိုထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်က မတ် ၁၀ရက်တွင် ညွှန်ကြားထားသည်။ထိုင်းဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသော စွမ်းအင်သုံးစွဲမှု ချွေတာရေးစည်းမျဉ်းများတွင် ပြည်ပခရီးစဉ်များသွားလာမှု ရပ်တန့်ထားကြရန်၊ရုံးတက်၊ ရုံးဆင်းချိန်များတွင် ဓာတ်လှေကားအစားရိုးရိုးလှေကားများကို သုံးစွဲကြရန် အစိုးရဝန်ထမ်းများအား ညွှန်ကြားထားသည်။ယင်းအပြင် အများပြည်သူများကို တိုက်ရိုက်ဝန်ဆောင်မှုပေးရသည့် အစိုးရဝန်ထမ်းများမှ တစ်ပါး ကျန်အစိုးရဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို မိမိတို့နေအိမ်များတွင်သာ ဆောင်ရွက်ကြရန်လည်း ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားသည်။အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားဒုတိယအကြီးဆုံးနိုင်ငံဖြစ်သော ထိုင်းနိုင်ငံက ပိုင်ဆိုင်ထားသော အရန်စွမ်းအင်ပမာဏမှာ ရက်ပေါင်း ၉၅ ရက်အတွက်သာ လုံ လောက်မှုရှိကြောင်းထိုင်းဝန်ကြီးချုပ် ရုံး ပြောရေးဆိုခွင့် ရှိသူက ပြောထားသည်။ထိုင်းနိုင်ငံသည် နိုင်ငံ၏စွမ်းအင် လိုအပ်ချက်၆၈ရာခိုင်နှုန်းနီးပါးကို သဘာ၀ဓာတ်ငွေ့မှ ရယူနေရခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့်စွမ်းအင်အကျပ်အတည်း ပိုမိုကြီးမားလာမည်ဆိုလျှင် ဈေးဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် စီးပွားရေးလုပ်ငန်းများ၏ ကြော်ငြာမီးများကို ပိတ်ထားရေးနှင့် ည၁၀ နာရီနောက်ဆုံးထား၍ ဓာတ်ငွေ့ဆိုင်များပိတ်ထားခြင်းကဲ့သို့ စည်းမျဉ်းများကိုပါ ကျင့်သုံးရနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူကပြောကြား သည်။



