အီရတ်လက်ရွေးစင်အသင်းရဲ့နည်းပြ ဂရေဟမ်အာနိုးလ်က ခြေစစ်ပွဲ Play-offs ပွဲစဉ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခါနီး တစ်ပတ်အလိုမှာမှ ကစားခွင့်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။အီရတ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်အတွက် နောက်ဆုံးမျှော်လင့်ချက်အဖြစ် Inter-confederation play-offs ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဘိုလစ်ဗီးယားနဲ့ ဆူရီနမ်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ကာ အနိုင်ရတဲ့အသင်း ခြေစစ်ပွဲအောင်မြင်မှာပါ။ဖီဖာက ဘိုလစ်ဗီးယားနဲ့ ဆူရီနမ်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို မတ်(၂၆)၊ ဗိုလ်လုပွဲကို မတ်(၃၁)မှာ ယှဉ်ပြိုင်စေဖို့ ပွဲစဉ်ရေးဆွဲထားပြီး မက္ကဆီကိုနိုင်ငံမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ဒါပေမဲ့ လက်ရှိအချိန်မှာ အမေရိကန်နဲ့ အီရန်နိုင်ငံရဲ့ ပဋိပက္ခကြောင့် အီရတ်လေပိုင်နက်ကို ပိတ်ထားပြီး ဧပြီ(၁)ရက်မှာမှ ပြန်ဖွင့်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။လက်ရှိအချိန်မှာ ဂရေဟမ်အာနိုးလ်က ယူအေအီးနိုင်ငံကို ရောက်ရှိနေပေမဲ့ အီရတ်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကတော့ အီရတ်နိုင်ငံကနေ ထွက်ခွာဖို့ အခက်တွေ့နေပါတယ်။ဂရေဟမ်အာနိုးလ်က အီရတ်လက်ရွေးစင်အသင်းကို ပြည်တွင်းလိဂ်မှာ ကစားနေတဲ့ ကစားသမား (၆၀)ရာခိုင်နှုန်းနီးပါးတဲ့ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရပါတယ်။ဒါကြောင့် ဂရေဟမ်အာနိုးလ်က ဘိုလစ်ဗီးယား - ဆူရီနမ်ပွဲကို ပုံမှန်အတိုင်း ယှဉ်ပြိုင်စေပြီး အီရတ်နဲ့ ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲကိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ တစ်ပတ်အလိုမှာမှ ယှဉ်ပြိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။



