အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေပေမယ့် ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍအတွက်တော့ အခွင့်အလမ်းသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အရင်က ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုလို့ သတ်မှတ်ခံထားရတဲ့ ဒူဘိုင်းဟာ အခုအခါမှာ စ-စ်ရေးပစ်မှတ်တစ်ခု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေတဲ့အတွက် ချမ်းသာကြွယ်ဝတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ဒူဘိုင်းကနေ ထွက်ခွာပြီး ထိုင်းနိုင်ငံရဲ့ အဆင့်မြင့် ဇိမ်ခံအိမ်ရာ ဈေးကွက်ထဲကို ပြောင်းရွှေ့ဝင်ရောက်လာနိုင်ခြေ ရှိနေပါတယ်။ထိုင်းနိုင်ငံကို ကမ္ဘာ့အဆင့်မီ ခရီးသွားဒေသတစ်ခုအဖြစ် သာမက နိုင်ငံခြားသားတွေအတွက် အားလပ်ရက် အနားယူစရာ အိမ်ရာဈေးကွက်တစ်ခုအဖြစ်ပါ ရှုမြင်လာကြပါတယ်။ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးစနစ်နဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေ ကင်းဝေးတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ဘန်ကောက်၊ ချွန်ဘူရီ၊ ဖူးခက်နဲ့ ကော့စမွီစတဲ့ နေရာတွေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရရှိနေတဲ့ နေရာတွေ ဖြစ်လာပါတယ်။ဒီလို အခွင့်အရေးကို အသုံးချနိုင်ဖို့အတွက် အစိုးရအနေနဲ့ နိုင်ငံခြားသားတွေ ရေရှည်နေထိုင်ခွင့်တွေနဲ့ မြေယာငှားရမ်းခွင့် သက်တမ်းကို နှစ် ၅၀ အထိ တိုးမြှင့်ပေးတာမျိုးတွေ လုပ်ဆောင်သင့်တယ်လို့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေက အကြံပြုထားပါတယ်။



