(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ၁၁၀ပေ x ၃၀ ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို မတ်လ ၇ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်နှင့် ပညာရေးဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးထားသော စာရေးခုံ၊ ကုလားထိုင်၊ ပရိဘောဂများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။ထို့နောက် ကျောင်းဆောင်သစ်ကို တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီက ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက် စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံးညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် မိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေသခံမိဘပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။



