back

ONE Friday Fights- 146 မှာ ထွန်းမင်းအောင်၊ ထွန်းမင်းနိုင်တို့ရဲ့ တွဲဆိုင်းတွေ ပါဝင်မယ်

Mar 07 • 8:07 AM

breaking-news

Myanmar

Local

breaking-news
cover

ONE Friday Fights- 146 မှာ ထွန်းမင်းအောင်၊ ထွန်းမင်းနိုင်တို့ရဲ့ တွဲဆိုင်းတွေ ပါဝင်မယ်

လာမယ့်မတ် (၁၃) ရက်မှာ ကျင်းပမယ့် ONE Friday Fights- 146 ပြိုင်ပွဲမှာ မြန်မာဖိုက်တာနှစ်ဦးဖြစ်တဲ့ ထွန်းမင်းအောင်နဲ့ ထွန်းမင်းနိုင်တို့ရဲ့ တွဲဆိုင်းတွေ ပါဝင်လာဖို့...

လာမယ့်မတ် (၁၃) ရက်မှာ ကျင်းပမယ့် ONE Friday Fights- 146 ပြိုင်ပွဲမှာ မြန်မာဖိုက်တာနှစ်ဦးဖြစ်တဲ့ ထွန်းမင်းအောင်နဲ့ ထွန်းမင်းနိုင်တို့ရဲ့ တွဲဆိုင်းတွေ ပါဝင်လာဖို့ ရှိနေပါတယ်။ONE Championship ဟာ ONE Friday Fights- 146 ပြိုင်ပွဲကို လာမယ့်မတ် (၁၃) ရက်၊ သောကြာညမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ONE Championship ဟာ လက်ရှိမှာ ONE Friday Fights- 146 ပြိုင်ပွဲမှာ ပါဝင်မယ့် တွဲဆိုင်းတွေအားလုံးကို ချပြပေးထားခြင်းမရှိပေမဲ့ မြန်မာဖိုက်တာနှစ်ဦးရဲ့ တွဲဆိုင်းတွေကိုတော့ စောစီးစွာ ချပြပေးထားတာကို တွေ့မြင်နေရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာဖိုက်တာ နှစ်ဦးရဲ့ တွဲဆိုင်းတွေက နောက်ကျပွဲစဥ်တွေအဖြစ် Main Card ထဲမှာ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။မြန်မာဖိုက်တာ ထွန်းမင်းအောင်က နယူးဇီလန်ဖိုက်တာ တီတပ်ပရိုစ်တာ၊ မြန်မာဖိုက်တာ ထွန်းမင်းနိုင်က တရုတ်ဖိုက်တာ ကျန်းဂျင်ဟုတို့နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။ ထွန်းမင်းအောင်နဲ့ ထိုးသတ်မယ့် နယူးဇီလန်ဖိုက်တာ ပရိုစ်တာဟာ အသက် (၂၁)နှစ်သာ ရှိသေးပြီး ONE Championship မှာ တစ်ပွဲသာ ထိုးသတ်ရသေးကာ အလဲထိုးနဲ့ အနိုင်ရထားပါတယ်။ အသက် (၁၉) နှစ်သာ ရှိသေးတဲ့ ထွန်းမင်းအောင်က ONE Championship မှာ (၅) ပွဲထိုးသတ်ထားပြီး (၂) ပွဲနိုင်၊ (၃) ပွဲရှုံးနိမ့်ထားပါတယ်။ထွန်းမင်းနိုင်နဲ့ ထိုးသတ်မယ့် တရုတ်ဖိုက်တာ ကျန်းဂျင်ဟုဟာ အသက် (၂၄) နှစ်ရှိပြီး ONE Championship မှာ (၇) ပွဲထိုးသတ်ထားကာ (၃) ပွဲနိုင်၊ (၄) ပွဲရှုံးနိမ့်ထားပါတယ်။ အသက် (၂၂) နှစ်ရှိ ထွန်းမင်းနိုင်က ONE Championship မှာ ဆူလိုင်မန်လွတ်ဆွန်ဆိုတဲ့ နာမည်နဲ့ ထိုးသတ်နေပြီး (၇) ပွဲ ထိုးသတ်ထားရာမှာ (၄) ပွဲနိုင်၊ (၃) ပွဲရှုံးနိမ့်ထားပါတယ်။

ထွန်းမင်းအောင်နဲ့ ထွန်းမင်းနိုင်တို့ဟာ ညီအကို တစ်ဝမ်းကွဲတော်စပ်ကြသူတွေဖြစ်ပြီး နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ထွန်းထွန်းမင်းက သူတို့ရဲ့ အကိုကြီး ဖြစ်ပါတယ်။



news-view-count-icon

41