အီရန်ကို ပစ်အား သိသိသာသာ တိုးမြှင့်ပြီး တိုက်ခိုက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။အစ္စရေးကလည်း အီရန်အပေါ် စစ်ပွဲ နောက်တစ်ဆင့် ဆင်နွှဲမှာ ဖြစ်ကြောင်း ကြွေးကြော်ထားပါတယ်။စစ်ပွဲ သတ္တမမြောက်နေ့သို့ ဝင်ရောက်လာချိန် အစ္စရေးက နောက်ထပ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် တီဟီရန် ဒေသခံတွေက အဆိုးရွားဆုံး ညတစ်ညနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။
အစ္စရေး စစ်တပ်က လက်ဘနွန်ကိုလည်း ကြီးကြီးမားမား တိုက်ခိုက်ခဲ့တာကြောင့် ဘေရွတ်မြို့ခံတွေ ကြောက်ရွံ့နေကြပါတယ်။အီရန်ကလည်း အစ္စရေးကို ထပ်မံ တိုက်ခိုက်ခဲ့ပြီး အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေကို ကြားဖြတ် ပစ်ချခဲ့ရတယ်လို့ ဆော်ဒီအာရေးဗီးယား၊ ဘာရိန်းနဲ့ ကာတာတို့က ပြောဆိုနေပါတယ်။အီရန်အပေါ် တိုက်ခိုက်မှုတွေ သိသိသာသာ များပြားလာမှာ ဖြစ်ကြောင်းနဲ့ ဗြိတိန်ရဲ့ ဒီယေးဂို ဂါစီယာ စခန်းကို အသုံးပြု တိုက်ခိုက်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။သမ္မတ ထရန့်ကတော့ အီရန်ကို အမေရိကန် မြေပြင်တပ်တွေ စေလွှတ်ဖို့ စဉ်းစားနေတာမျိုး မရှိဘူးလို့ ပြောပါတယ်။
အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှု မရှိဘူးလို့ အရေးပေါ် ကယ်ဆယ်ရေးဌာနက ပြောပါတယ်။အီရန်က နောက်ထပ် ပစ်လွှတ်မယ့် ဒုံးကျည်တွေကို ကြားဖြတ် ရှင်းလင်းနိုင်ရေး မိမိတို့ ကာကွယ်ရေး စနစ်တွေ အားလုံး လည်ပတ်နေပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ဒီအတောအတွင်း အီရန်နဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စုံစမ်း စစ်ဆေးမှုတွေအတွင်း ဗြိတိန် ရဲတပ်ဖွဲ့က လူလေးဦးကို ဖမ်းဆီးထားပါတယ်။အီရန်က ဘေရွတ်မြို့ရှိ မိမိတို့ သံရုံး တိုက်ခိုက်ခံရရင် တစ်ကမ္ဘာလုံးရှိ အစ္စရေး သံရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ သတိပေးထားပါတယ်။အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ နောက်တိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာနိုင်တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ တပ်လှန့်ထားပါတယ်။



