၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ Mothership သတင်းဌာနမှ ဖော်ပြချက်အရ မလေးရှားနိုင်ငံက နာမည်ကြီး Genting Group တည်ထောင်သူရဲ့ မြေးမလေးနှစ်ယောက်ဟာ သူတို့မိခင်ရဲ့ ပိုင်ဆိုင်မှု အမွေပုံကြီးထဲက်ရသင့်သလောက် မရဘူးဆိုပြီး တရားရင်ဆိုင်နေရတဲ့ သတင်းက အခုဆိုရင် လူပြောများနေပါတယ်၊၊ သူတို့ရဲ့ မိခင်ဖြစ်သူ Lim Siew Kim ဟာ ကင်ဆာရောဂါနဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာ ကွယ်လွန်သွားခဲ့သူဖြစ်ပြီး မလေးရှားနိုင်ငံသား Genting Group တည်ထောင်သူရဲ့ တတိယမြောက်သမီးလည်း ဖြစ်ပါတယ်၊၊ ဒီအမှုဟာ အမေရိကန်ဒေါ်လာ ၅၁၇ သန်း (မလေးရှားရင်းဂစ် ၁.၆ ဘီလီယံ) နီးပါး တန်ဖိုးရှိတဲ့ အမွေပုံကြီးကို ဘယ်သူတွေက ဘယ်လိုခွဲဝေယူမလဲဆိုတာနဲ့ ပတ်သက်နေတာပါ၊၊ အခု နစ်နာသူအဖြစ် တရားစွဲဆိုထားတဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် Chan T'shiao Li နဲ့ အသက် ၄၅ နှစ်အရွယ် Kimberley Chan T'shiao Min တို့က သူတို့မိခင် ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ရေးထိုးခဲ့တဲ့ သေတမ်းစာတွေဟာ အတည်မဖြစ်စေရဘူးလို့ တောင်းဆိုထားတာ ဖြစ်ပါတယ်၊၊



