ပြည်တွင်းရုပ်သံထုတ်လွှင့်မှုတွင် Sun Outage ကြောင့် လာမည့် မတ်လ ၆ ရက်မှ ၁၇ ရက်အတွင်း နေ့စဉ် (၁)မိနစ်မှ (၁၈)မိနစ်ခန့်အထိ Signal ပြတ်တောက်မှု ဖြစ်ပေါ်နိုင်ကြောင်း သက်ဆိုင်ရာမှ အသိပေးကြေညာထားလျက်ရှိသည်။Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသည့် TV Channel များနှင့် ရေဒီယိုအစီအစဉ်များတွင် အဆိုပါ Sun Outage ကြောင့် မိနစ်အနည်းငယ်ပြတ်တောက်မှုကြုံနိုင်သည်ကိုလည်း ယနေ့ထုတ် သတင်းစာများ၌လည်း ဖော်ပြထားလျက်ရှိသည်။ထို Sun Outage ဖြစ်ပေါ်မှုအခြေအနေနှင့် Signal ပြတ်တောက်မှုကြာမြင့်ချိန်တို့မှာ ထုတ်လွှင့်သောဂြိုဟ်တု၊ ဖမ်းယူနေသော TVRO (စလောင်း) အရွယ်အစား၊ တည်ရှိရာနေရာတို့အပေါ် မူတည်၍လည်း အနည်းငယ်အချိန်ကွာခြားမှုရှိနိုင်ကြောင်း သိရသည်။ထိုဖြစ်စဉ်မှာ နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်းကျရောက်ချိန်တွင် ကြုံခြင်းဖြစ်ပြီး ထိုအချိန်တွင် ဂြိုဟ်တုမှပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံအချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများဖြစ်ပေါ်လေ့ရှိကြောင်း၊ Sun Outage ဖြစ်မှုမှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး နှစ်စဉ်ပျမ်းမျှ မတ်လတွင် တစ်ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် တစ်ကြိမ်ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။



