ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြဝတီဘက်ခြမ်းမှ နယ်စပ်ဖြတ်ကျော်ပြီး ဆီလာတန်းစီဖြည့်သော ကားများဖြင့် ပြည့်ကျပ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။ အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာနေချိန် စက်သုံးဆီဈေးနှုန်း တက်လာမည်ကို စိုးရိမ်၍ မြဝတီဘက်ခြမ်းက မြန်မာနိုင်ငံသားများ မဲဆောက်ဘက်သို့ ကူး၍ ဆီဖြည့်သူ ပိုများလာနေခြင်းဖြစ်သည်။ မတ်လ ၃ ရက်နေ့မှစ၍ မြဝတီဘက်ခြမ်းမှ မဲဆောက်ဘက်ကူးပြီး ဆီလာဖြည့်သူ များနေသဖြင့် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်တွင် ကားများထောင်ချီ ပိတ်နေသလို မဲဆောက်မြို့အတွင်းရှိ ဆီဆိုင်များတွင်လည်း မြန်မာကားများ တန်းစီနေကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။



