နေပြည်တော်ဒေသအတွင်း မြို့ပေါ်ရှိလက်လီစက်သုံးဆီအရောင်းဆိုင်အချို့တွင် ဝယ်ယူသူများပြားနေပြီး ယနေ့(မတ်လ ၀၄ ရက်) နံနက်ပိုင်းမှစ၍ ဆီပြတ်လပ်မှုများဖြစ်ပေါ်ကာ အရောင်းယာယီရပ်ဆိုင်းလိုက်ခြင်းများရှိလာကြောင်း ကိုယ်တိုင်ကြုံရသည့် ဒေသခံများကြားမှ သိရသည်။မနေ့ကအထိ ပုံမှန်အတိုင်းရောင်းဝယ်နေကြတာ၊ မနေ့ကညနေပိုင်း စက်သုံးဆီချွေတာရေးနဲ့ပတ်သက်ပြီး အသိပေးစာ ထွက်ပြီး ဒီနေ့မနက်ပိုင်းအစောကြီးတည်းက ဆိုင်ကယ်သမားတွေတိုးကြိတ်ဝယ်ကြတာ၊ မနက် ၉ နာရီကျော်တော့ မြို့တွင်းစက်သုံးဆီအရောင်းဆိုင်အားလုံးနီးပါး ဆီပြတ်သွားပြီး ဆိုင်တွေပိတ်ကုန်ကြတယ်၊ လမ်းဘေးတစ်လီတာရေသန့်ဘူးနဲ့ ရောင်းတဲ့သူကအစ မရတော့ဘူး”ဟု ဒေသခံဆိုင်ကယ်သမားတစ်ဦးမှ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ ယမန်နေ့ (မတ်လ ၀၃ ရက်) အထိ နေပြည်တော်စက်သုံးဆီစျေးကွက်တွင် ရည်ညွန်းဈေးဖြင့်ရောင်းချသည့် ဆီပန့်ဆိုင်ကြီးများ၌ ယာဉ်၊ ဆိုင်ကယ်များ တိုးဝှေ့တန်းစီဝယ်ယူခြင်းမျိုးမရှိဘဲ ပုံမှန်အတိုင်းရောင်းချပေးနေခဲ့သော်လည်း ယနေ့ (မတ်လ ၀၄ ရက်)တွင် နံနက် ၄ နာရီလောက်တည်းက စတင်ကာ ယာဉ်များ၊ ဆိုင်ကယ်များမှာ အတင်းတန်းစီဝယ်ယူနေကြပြီး အချို့စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆိုင်ကယ်များကို ရောင်းချခြင်းမပြုဘဲ ကန့်သတ်လာခြင်းများလည်းရှိလာခဲ့သည်။ ဆီဈေးကမတက်ဘူး၊ လူတွေကဆီပြတ်မှာစိုးရိမ်ပြီး အတင်းတိုးဝှေ့တန်းစီဝယ်နေကြတာ၊ ဆိုင်ကယ်သမားတွေက နှစ်ပြန်၊ သုံးခါပြန် တန်းစီလိုက်၊ ဆိုင်ကယ်ထဲက ဆီပုံးတွေထဲထည့် ပြန်တန်းစီဝယ်နေကြတာ၊ အချို့ဆီပန့်တွေက ဆိုင်ကယ်တွေကို ဆီမရောင်းပေးတော့ဘူး၊ ကားတွေပဲရောင်းပေးနေတာတွေရှိတယ်”ဟု ဆိုင်ကယ်သမားတစ်ဦးမှ ပြောသည်။ယခုကဲ့သို့ စက်သုံးဆီများကို အတင်းဝယ်ယူစုဆောင်နေမှုများကြောင့် ဆီပြတ်လပ်မှုနှင့်အတူ ဆီဈေးနှုန်းများတက်သွားနိုင်သော အခြေအနေမျိုးနှင့် အရပ်ထဲမှ ဆိုင်ကယ်ရှိသော အိမ်များက ဆီများဝယ်ယူစုဆောင်းထားမှုများကြောင့် ယခုကဲ့သို့ ရာသီဥတုပူပြင်းချိန်တွင် မီးဘေးအန္တရာယ်အတွက် စိုးရိမ်စရာလည်းဖြစ်နေရကြောင်း သိရသည်။


