ထိုင်းနိုင်ငံ၊ဘန်ကောက်တွင်မတ်လ ၃ ရက်ကနေ ၆ ရက်နေ့အထိ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တာတွေ ပါဝင်တဲ့ နွေရာသီမုန်တိုင်းတွေ ဝင်ရောက်နိုင်လို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က သတိပေးလိုက်ပါတယ်။ ရေကြီးလွယ်တဲ့ လမ်းကြောင်းတွေကို ရှောင်ရှားကြဖို့လည်း ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ထိုင်းနိုင်ငံ အထက်ပိုင်းမှာ မုန်တိုင်းတွေ စတင်ဖြစ်ပေါ်နိုင်ပြီး အရှေ့မြောက်ပိုင်းရဲ့ အရှေ့ဘက်ခြမ်းကနေစလို့ တခြားဒေသတွေကိုပါ ဆက်လက် ပျံ့နှံ့သွားဖို့ ရှိနေပါတယ်။နောက်တစ်ဆင့်အနေနဲ့ ဘန်ကောက်နဲ့ အနီးအနားက ခရိုင်တွေ အပါအဝင် အလယ်ပိုင်းဒေသကိုပါ မုန်တိုင်းအရှိန် သက်ရောက်လာနိုင်တယ်လို့ BMA က ဆိုပါတယ်။ အဲဒီ မုန်တိုင်းတွေကြောင့် မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ တချို့နေရာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ပြည်သူတွေအနေနဲ့ နွေရာသီ မုန်တိုင်းနဲ့ မိုးသည်းထန်မှု အန္တရာယ်ကနေ ကြိုတင်ကာကွယ်ကြဖို့၊ အထူးသဖြင့် ရေကြီးလွယ်တဲ့ ဒါမှမဟုတ် ရေဝပ်လေ့ရှိတဲ့ နေရာတွေကို ဖြတ်သန်းသွားလာတာမျိုး ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကွင်းပြင်တွေ၊ သစ်ပင်ကြီးတွေအောက်၊ အဆောက်အအုံတွေအနီး၊ မခိုင်ခံ့တဲ့ အဆောက်အအုံတွေနဲ့ ကြော်ငြာဘုတ်ကြီးတွေ အနီးကို သွားလာတာမျိုး ရှောင်ရှားဖို့လည်း BMA က အကြံပြုထားပါတယ်။
Mar 03 • 2:49 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


