ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ထုတ်ပြန်ရာတွင် အကျဉ်းကျနေသူ တစ်သောင်းကျော် ပါဝင်ပြီး တည်ဆဲ ဥပဒေအရ အမှုဖွင့်တရားစွဲဆိုခံထားသူများပါဝင်သလို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နှင့် ၅၂ (က) တို့ဖြင့် ဖမ်းဆီးခံထားရသူများ အများစုပါဝင်သည်။ ထောင်အသီးသီးရှိ ပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) အကျဉ်းသား၊ အကျဉ်းသူ ၇၃၃၇ ဦး ကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ယင်းအပြင် ထိုဥပဒေ ပုဒ်မများဖြင့် တရားရုံးအသီးသီးတွင် ကြားနာစစ်ဆေးဆဲ ၁၂၄၈၇ ဦး ၏ အမှုပေါင်း ၉၅၃၂ မှု ကို အမှုမှ လွှတ်ရန်နှင့် အမှုပိတ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ အမိန့် ထုတ်ပြန်ထားသည်။ ပုဒ်မ ၅၀(ည)မှာ အကြမ်းအဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် လက်ခံခြင်းဖြစ်ပြီး ပုဒ်မ ၅၂(က) မှာ အကြမ်းဖက် အဖွဲ့အစည်းများအား သိလျက်နှင့် ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူ ညီခြင်း ဖြစ်သည်။



