မသန်စွမ်းသူများကို ထိခိုက်စေခဲ့သော ပြက်လုံးများကို တင်ဆက်ကပြခဲ့သည့် သဘင်အဖွဲ့များကိုယ်စား တောင်းပန်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး က ထုတ်ပြန်သည်။ထုတ်ပြန်ချက်တွင် သဘင်စင်မြင့် နှင့် အခြားသော သဘင်ဖျော်ဖြေရေးများတွင် မသန်စွမ်းသူများအား ထိခိုက်နစ်နာစေသည့် ပြက်လုံးများ၊ တင်ဆက်မှုများကို ဆောင်ရွက်ခဲ့မိသည့် သဘင်အဖွဲ့များအားလုံးကိုယ်စား၊ ရွှေမင်းသား ဖောင်ဒေးရှင်း နှင့်တကွ မသန်စွမ်းလူမှုအသိုင်းအဝိုင်းအားလုံးတို့အား မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ အနူးအညွတ် တောင်းပန်အပ်ကြောင်း ပါရှိသည်။ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ပြုမူခဲ့မိသည့် တင်ဆက်မှုများကြောင့် သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းအနေဖြင့် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ရခြင်းအတွက် ရွှေမင်းသားဖောင်ဒေးရှင်း သို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ တောင်းပန်စကား ပြောကြားပြီးဖြစ်သော်လည်း လူကိုယ်တိုင်လာရောက်တွေ့ဆုံ၍ ကျေနပ်သည်အထိ ဝန်ချတောင်းပန်မည်ဖြစ်ပါကြောင်းနှင့် သဘင်ဖျော်ဖြေ တင်ဆက်သူအားလုံးတို့အားလည်း နောင်တွင် တူညီသော အမှားမျိုးများ ထပ်မံ မဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ သတိပေးခြင်းတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားပါမည်ဟု ကတိပြုပါကြောင်း ဖော်ပြထားသည်။မသန်စွမ်းသူများသာမကဘဲ၊ အမျိုးသမီးရေးရာများ၊ ကလေးသူငယ်ဆိုင်ရာများ နှင့် အခြား လူမှုအသိုင်းအဝိုင်း အားလုံးတို့အတွက် စောင့်ထိန်းလိုက်နာအပ်သည့် ကျင့်ဝတ်များကို သဘင်ဖျော်ဖြေ တင်ဆက်သူများအားလုံးမှလည်း ထိန်းသိမ်းစောင့်ရှောက်၍ တင်ဆက်နိုင်ကြရန် အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ထုတ်ပြန်သည်။



