အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်နေမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အခြေအနေများ ပိုမိုဆိုးရွားမလာစေရန်၊ ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန်အတွက် နှစ်ဖက်စလုံး ချက်ချင်းအပစ်အခတ်ရပ်စဲရန် တိုက်တွန်းခဲ့သည်။ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။အစ္စရေးတွင်ရှိနေသည့် တရုတ်နိုင်ငံသားများအနေဖြင့် အစ္စရေးနိုင်ငံအတွင်းရှိ ပိုမိုဘေးကင်းသော နေရာများသို့ အမြန်ဆုံးပြောင်းရွှေ့ရန် သို့မဟုတ် တာဘာနယ်စပ်ဂိတ်မှတစ်ဆင့် အီဂျစ်နိုင်ငံသို့ ထွက်ခွာကြရန် မတ် ၁ ရက်တွင် အစ္စရေးနိုင်ငံရှိ တရုတ်သံရုံးက အကြံပြုချက် ထုတ်ပြန်ခဲ့သည်။
အမေရိကန်နှင့် အစ္စရေးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နိုင်ငံကို ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးအတွင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီနှင့် ထိပ်သီးအရာရှိများသေဆုံးခဲ့သည်။တစ်ချိန်တည်းမှာပင် ဟောင်ကောင်အခြေစိုက် Cathay Group လေကြောင်းလိုင်းသည် ဒေသတွင်းတင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်းရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ရပ်ဆိုင်းလိုက်သည်။Cathay Pacific Airways ၏ မိခင်ကုမ္ပဏီဖြစ်သော Cathay ၏ ထုတ်ပြန်ချက်အရ လေကြောင်းလိုင်းလုပ်ငန်းများရပ်ဆိုင်းမှုသည် ဒူဘိုင်းနှင့် ရီယာ့ဒ်သို့ ပျံသန်းမည့် ခရီးသည်တင်လေယာဉ်များသာမက ဒူဘိုင်းရှိ အယ်လ် မက်ခ်တွမ်လေဆိပ်မှတစ်ဆင့် ပြေးဆွဲနေသည့် ကုန်တင်လေယာဉ်ဝန်ဆောင်မှုများကိုပါ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။



