ယခုမတ်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး ဒေသအချို့၌ အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်းမတ်လ လပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်အရ သိရသည်။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကယား၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲ အောက်လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ၇ ရက်မှ ၁၀ ရက်ခန့်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ ၄ ရက်မှ ၆ ရက်ခန့်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီ တိုင်း၊ ကယား၊ ရခိုင်နှင့် ရှမ်း(မြောက်ပိုင်း)တို့မှာ ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်းရွာနိုင် ကြောင်း သိရသည်။
နေ့အပူချိန် များအနေဖြင့်နေပြည်တော်၊ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မတ်လ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မတ်လ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်းသိရသည်။
မြူအခြေအနေများအနေဖြင့် စစ်ကိုင်းတိုင်းဒအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ ၁၂ ရက်မှ ၁၈ ရက်ခန့်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ၆ ရက်မှ ၁၁ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် ၁ ရက်မှ ၅ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင် ကြောင်းသိရသည်။



