အစ္စရေးနဲ့ အီရန် ပဋိပက္ခတွေ အမြင့်ဆုံးကို ရောက်လာပြီးနောက်မှာ အီရန်က ကမ္ဘာ့ရေနံလမ်းကြောင်းကြီးဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို တရားဝင် ပိတ်ဆို့လိုက်ပါပြီ။ ဒီလို အလုံးစုံ ပိတ်ဆို့လိုက်တဲ့အတွက် ကမ္ဘာ့ရေနံဈေးကွက် ကြီးကြီးမားမား လှုပ်ခတ်လာပေမယ့် ပြည်တွင်း လောင်စာဆီ ရရှိမှုကို မထိခိုက်စေဖို့ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး လတ်တလော နိုင်ငံတွင်းမှာ လုံလောက်တဲ့ လောင်စာဆီ အရန်သိုလှောင်မှု ရှိနေသေးတယ်လို့ အာမခံထားပါတယ်။ကမ္ဘာ့ရေနံ လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ဖြတ်သန်းပို့ဆောင်နေတဲ့ ဟော်မုဇ်ရေလက်ကြားကြီး တကယ် ပိတ်ဆို့သွားတဲ့အတွက် ရေနံဈေးကွက် အကြီးအကျယ် မတည်မငြိမ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စာရင်းတွေအရ ထိုင်းနိုင်ငံမှာ အရန်သိုလှောင်ထားတဲ့ ရေနံ၊ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်လာပြီးသား ရေနံနဲ့ တခြားရင်းမြစ်တွေကနေ ရရှိမယ့် ရေနံ စုစုပေါင်း လီတာ ၇,၇၉၅ သန်းအထိ ရှိနေတဲ့အတွက် လာမယ့် ၆၁ ရက်စာအတွက်ကတော့ လုံးဝ ပူစရာ မလိုသေးဘူးလို့ စွမ်းအင် ဝန်ကြီးကပြောပါတယ်။ လာမယ့် မတ်လအတွက် တင်သွင်းမယ့် သဘာဝဓာတ်ငွေ့ရည် (LNG) သင်္ဘော ၄ စင်းထဲက ၂ စင်းဟာ ဟော်မုဇ်ရေလက်ကြားကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းလာခဲ့ပြီ ဖြစ်ပေမယ့် ကျန်တဲ့ ၂ စင်းကတော့ လမ်းခရီးမှာပဲ ရှိနေပါသေးတယ်။ အခုလို ရေလက်ကြားကို ပိတ်လိုက်ပြီ ဖြစ်တဲ့အတွက် တခြား နိုင်ငံတွေဆီကနေ လောင်စာဆီ အရေးပေါ် ဝယ်ယူနိုင်ဖို့ ဝန်ကြီးဌာနက ကြိုတင် စီမံချက်တွေ ချမှတ်ထားပါတယ်။ဒီလို စိုးရိမ်စရာကောင်းတဲ့ အချိန်မျိုးမှာ လူမှုကွန်ရက်တွေပေါ်ကနေ ကောလာဟလတွေနဲ့ သတင်းတု သတင်းမှားတွေ အလွယ်တကူ ထွက်ပေါ်လာနိုင်တဲ့အတွက် ပြည်သူတွေ အနေနဲ့ ဝန်ကြီးဌာနရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကိုသာ စောင့်ကြည့်ကြဖို့ကိုလည်း အထူး တိုက်တွန်းထားပါတယ်။



