ပဲစျေးများကောင်းနေချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ယခုနှစ်ပဲအထွက်နှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။ဖောင်းပြင်မြို့နယ်အတွင်းရှိကျေးရွာများမှ တောင်သူများအနေဖြင့် ဆောင်းသီးနှံ မြေပဲ၊ မြေထောက်ပဲနီ၊ မြေထောက်ပဲဖြူ၊ ပဲစာဥ၊ ပုဂံပဲ၊ ပဲယင်း၊ ပဲနီလုံး၊ ပဲနက်နှင့် စားတော်ပဲစသည့် ပဲမျိုးစုံကို အဓိကအားထားစိုက်ပျိုးခဲ့ကြရာ သီးနှံများပေါ်နေပြီဖြစ်သည်။
ပဲဈေးကောင်းမရခဲ့တာ (၃) နှစ်ရှိပါပြီ။ ဒီနှစ်မှာ ဈေးကောင်းတယ်။ ဒါပေမဲ့ ပဲအထွက်နည်းတယ်။ ပဲပွဲစားတွေက ဈေးနှုန်းမြင့်ပြီး ပေးဝယ်နေကြတော့ ငွေလိုနေတဲ့ တောင်သူတွေက ပြန်စိုက်ဖို့ မျိုးမချန်တော့ဘဲ ရောင်းကြတယ်လို့ ကြားနေရတယ်" ဟု ပိုးစာကုန်းကျေးရွာက ပဲစိုက်တောင်သူ တစ်ဦးက ပြောသည်။



