ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦးသည် ဗိုက်နာလာ၍ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့သွားစဉ် လမ်းတွင် ကလေးမွေးဖွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းက အယုဒ္ဓယခရိုင် ဥထိုင်းဒေသရှိ ဆောက်လုပ်ရေးဆိုဒ်ထဲတွင် မြန်မာကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ဗိုက်နာလာသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရန် အရေးပေါ်ကားကို ခေါ်၍ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ အသက် ၃၇ နှစ်အရွယ် မနီမာဝင်းကို အနီးဆုံးဆေးရုံဖြစ်သော ဥထိုင်းဆေးရုံကြီးသို့ အရေးပေါ်ကားဖြင့် အမြန်ပို့ဆောင်ပေးခဲ့သော်လည်း လမ်းတွင်ပင် ကလေးမွေးဖွားရန် လိုအပ်လာသဖြင့် ဥထိုင်းဆေးရုံကြီးကို ဆက်သွယ်ခဲ့ပေးခဲ့ကြောင်း သိရသည်။ ဆေးအဖွဲ့ရောက်လာပြီး မိနစ် ၂၀ ခန့်အကြာ ကလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီး ကလေးမှာ မိန်းကလေးဖြစ်ကြောင်း သိရသည်။



