တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအချို့တွင် သီဟိုဠ်စေ့ စျေးကောင်းမရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သီဟိုဠ်ပင်အဓိက စိုက်ပျိုးသည့် ကျေးရွာများမှ ဒေသခံတောင်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ်က စျေးကောင်းရသော်လည်း ယခုနှစ်တွင် စျေးကျနေကြောင်း တောင်သူများထံမှ သိရသည်။ သီဟိုဠ်စေ့ တစ်ပိဿာလျှင် ပြီးခဲ့သည့်နှစ်တွင် အနိမ့်ဆုံးစျေး ၆,၅၀၀ ကျပ် ပေါက်စျေးရှိသော်လည်း ယခုနှစ်တွင် ၄,၅၀၀ ကျပ်မှ ၅,၅၀၀ ကျပ်ကြားတွင်သာ စျေးရှိကြောင်း ဒေသခံများက ဆိုသည်။“စျေးကျတော့ စားဝတ်နေရေးအတွက် ပိုပင်ပန်း (ခက်ခဲ) လာတယ်။ အရင်က ခရုစေ့ (သီဟိုဠ်စေ့) ပေါ်ချိန်ဆို ဝမ်းသာ နေရတယ်။ ကုန်စျေးနှုန်းကတက်ပြီး ဒေသထွက်ကုန်တွေက စျေးကျနေရင် ပိုပင်ပန်းတာပေါ့” ဟု ချောင်းလမုရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။သီဟိုဠ်စေ့များကို ဝယ်သူများသည် ကျေးရွာများမှတစ်ဆင့် မြိတ်သို့ တင်ပို့ကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ တနင်္သာရီမြို့နယ်တွင် သီဟိုဠ်ပင် အများဆုံးစိုက်ပျိုးကြသည့် ရွာများမှာ သကျက်ရွာ၊ တားပလပ်ရွာ၊ ချောင်းလမုရွာနှင့် သိန်ခွန်းရွာများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။



