back

စွမ်းအင်ကဏ္ဍအတွက် ပြည်တွင်းမှ စွမ်းအင်အရင်းအမြစ်အားလုံးကို အလေအလွင့်မဖြစ်စေဘဲ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန် လိုအပ်နေဟုဆို

Feb 26 • 9:14 AM

breaking-news

Myanmar

Local

breaking-news
cover

စွမ်းအင်ကဏ္ဍအတွက် ပြည်တွင်းမှ စွမ်းအင်အရင်းအမြစ်အားလုံးကို အလေအလွင့်မဖြစ်စေဘဲ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန် လိုအပ်နေဟုဆို

မြန်မာနိုင်ငံအနေနှင့် ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင် အစရှိသည့် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များ ကြွယ်ဝသည့်အတွက် နိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်က...

မြန်မာနိုင်ငံအနေနှင့် ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင် အစရှိသည့် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များ ကြွယ်ဝသည့်အတွက် နိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် ယင်း စွမ်းအင်အရင်း အမြစ်များကို အလေအလွင့်မဖြစ်စေဘဲ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန်လိုအပ်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးက ပြောကြားပါတယ်။လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ရာမှာ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ကော်မရှင်စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်မှုအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ အသစ်များဖြစ်သည့် သာစည် ၄၀ မဂ္ဂါဝပ်ကို အမျိုးသား ဓာတ်အားကွန်ရက်နှင့် ချိတ်ဆက်ပို့လွှတ်နေပြီး သပြေဝ ၄၀ မဂ္ဂါဝပ်ကိုလည်း မတ်လဆန်းတွင် ထပ်မံချိတ်ဆက် ပို့လွှတ်နိုင်မှာဖြစ်ကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ခဲ့သည့် LNG စီမံကိန်း ၅၀၀ မဂ္ဂါဝပ်၏ ဓာတ်အားပေးစက်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် စီးပွားဖြစ် ဓာတ်အားထုတ်လုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ရေအားလျှပ်စစ်သည် သန့်ရှင်းသည့် ပြန်ပြည့်မြဲစွမ်းအင်ဖြစ်ပြီး ထုတ်လုပ်မှုစရိတ် သက်သာသော ကြောင့် နိုင်ငံ၏ အနာဂတ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းကြီးများကို အကောင်အထည်ဖော်ရမှာဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် AI နည်းပညာအသုံးပြုပြီး ပါးလွှာသဲကြောများမှ သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး Pilot Project လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီဖြစ်သလို ရေနံမြေအဟောင်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းပြီး တွင်းစားစနစ် (Well by Well Basic) နှင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လက်မှတ်ရေးထိုးပြီး လုပ်ငန်းများဆောင်ရွက်နေကာ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် 2 D Seismic လုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပြီး တူးဖော် ထုတ်လုပ်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ မုတ္တမကမ်းလွန်လုပ်ကွက် M–10 (မင်းရဲသူစီမံကိန်း) အတွက် Production Sharing Contract ကို ချုပ်ဆိုပြီးဖြစ်ကြောင်း၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)၏ စက်ရုံသစ်စီမံကိန်း Phase 1 ကိုလည်း မကြာမီစတင် လည်ပတ်နိုင်မည် ဖြစ်၍ ၁၉၈၂ ခုနှစ်တွင် နောက်ဆုံးဖွင့်လှစ်ခဲ့သည့် သံပရာကန်ရေနံချက်စက်ရုံပြီးနောက် ပထမဆုံး ဖွင့်လှစ်နိုင်သည့် ရေနံချက်စက်ရုံကြီးဖြစ်ကြောင်းနှင့် အနာဂတ်စွမ်းအင်ကဏ္ဍအတွက် အရေးကြီးသည့် ကမ်းလွန်စီမံကိန်းအသစ်များကို သတ်မှတ်ချိန်အတိုင်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ လုပ်ငန်းများဟာ နည်းပညာနှင့်ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံတော်နှင့် ရင်းနှီးမြှုပ်နှံသူ နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေမည့် ဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးရမည် ဖြစ်သလို၊ တိုးတက်လာသည့် နည်းပညာများနှင့် လိုက်ပါအသုံးပြုနိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုး ထောင်ပေးနိုင်ရန်လည်း အရေးကြီးကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးအနေနှင့်လည်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းတိုးတက်မှု အခြေအနေများ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှားနိုင်အောင်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စွမ်းအင်ဖူလုံမှုရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်းလည်း သိရပါတယ်။

news-view-count-icon

21