back

သံလွင်မြစ်နှင့် မိုလိုချောင်းတွင်းရှိ အာဆင်းနစ်အဆိပ် အန္တရာယ် IEC သတိပေး

Feb 26 • 3:33 AM

breaking-news

Myanmar

Local

breaking-news
cover

သံလွင်မြစ်နှင့် မိုလိုချောင်းတွင်းရှိ အာဆင်းနစ်အဆိပ် အန္တရာယ် IEC သတိပေး

သံလွင်မြစ်နှင့် မော်ချီးဒေသ မိုလိုချောင်းတွင် အာဆင်းနစ်အဆိပ် ပါဝင်မှုပမာဏများသည် လူအတွက် အန္တရာယ်ရှိသဖြင့် သောက်သုံးရေအဖြစ် သုံးစွဲခြင်း၊ ငါး၊ ပုဇွန် ဖမ်းယူ စား...

သံလွင်မြစ်နှင့် မော်ချီးဒေသ မိုလိုချောင်းတွင် အာဆင်းနစ်အဆိပ် ပါဝင်မှုပမာဏများသည် လူအတွက် အန္တရာယ်ရှိသဖြင့် သောက်သုံးရေအဖြစ် သုံးစွဲခြင်း၊ ငါး၊ ပုဇွန် ဖမ်းယူ စားသုံးခြင်းများ လုံးဝမပြုလုပ်ရန် အပါအဝင် လိုက်နာရန် အချက် ၄ ချက်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ - IECက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။သံလွင်မြစ်တွင် အားဆင်းနစ်အဆိပ်ပါဝင်မှုပမာဏသည် နိုင်ငံတကာက သတ်မှတ်ထားသည့် အန္တရာယ်ကင်း စံနှုန်းထက် ၄ ဆမှ ၉ ဆအထိလည်းကောင်း မိုလိုချောင်းအတွင်း အာဆင်းနစ်အဆိပ် ပါဝင်မှုပမာဏသည် နိုင်ငံတကာ သတ်မှတ်စံနှုန်းထက် ၅၅၃ ဆအထိလည်းကောင်း ပါဝင်သည်ကို တွေ့ရှိရသည်ဟု IEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ထိုသို့ အန္တရာယ်ရှိသော နှုန်းထားကို တွေ့ရှိရပြီးနောက် သတိထားလိုက်နာရန် အချက် ၄ ချက်ကို IEC က အောက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။၎င်းတို့မှာ သံလွင်မြစ်ရေနှင့် မိုလိုချောင်းမှ ရေများအား တိုက်ရိုက် သောက်သုံးခြင်းနှင့် ချက်ပြုတ်ရာတွင် သုံးစွဲခြင်း မပြုရန်၊ အကြောင်းကြောင်းကြောင့် သံလွင်မြစ်ရေနှင့် မိုလိုချောင်းရေတို့အား ထိတွေ့ ကိုင်တွယ်ပြီးပါက သန့်စင်သောရေဖြင့် ပြန်လည် ဆေးကြောရန်၊ သံလွင်မြစ်အတွင်းမှ ရေနေသတ္တဝါများတို့အား ချက်ပြုတ်စားသောက်ခြင်း မပြုရန်နှင့် မဖြစ်မနေ စားသောက်လိုပါက ဦးခေါင်းနှင့် အတွင်းကလီစာများကို စားသုံးခြင်းမပြုရန်၊ မိုလိုချောင်း အတွင်းမှ မည်သည့် ရေနေသတ္တဝါများကိုမဆို လုံးဝ (လုံးဝ) စားသောက်ခြင်းမပြုရန်တို့ဖြစ်သည်။IEC နှင့် ချင်းမိုင်တက္ကသိုလ် သဘာဝပတ်ဝန်းကျင် သုတေသနဌာနတို့ ပူးပေါင်းပြီး သံလွင်မြစ်အထက်ပိုင်း ရှမ်း -ကရင်နီနယ်စပ်၊ သံလွင်မြစ်အလယ်ပိုင်းနှင့် သံလွင်မြစ်အောက်ပိုင်း ကရင်နီ - ကရင်နယ်စပ်များရှိ နေရာ ၁၀ ခုနှင့် မော်ချီးဒေသ မိုလိုချောင်းတစ်နေရာရှိ ရေနမူနာများကို ရယူကာ ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် IEC က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။အာဆင်းနစ်အဆိပ်သင့် ရေများကို သောက်သုံးခြင်း၊ စိုက်ပျိုးရေးတို့တွင် သုံးစွဲခြင်း၊ အဆိပ်သင့်ရေ အတွင်းရှိ ရေနေ သတ္တဝါများအား စားသုံးခြင်းများ ပြုလုပ်ပါက ရေတိုတွင် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်း စသည်တို့ ဖြစ်စေနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။

အာဆင်းနစ်အဆိပ်သင့် ရေများသည် ရေရှည်တွင် ကင်ဆာရောဂါများ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ပြီး ကလေးသူငယ်များ၏ မှတ်ဉာဏ်ကိုလည်း ထိခိုက်စေနိုင်သည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။ထို့ကြောင့် ထုတ်ပြန်ထားသော အချက်အလက်များကို အများပြည်သူ အနေဖြင့် လိုက်နာကြရန်နှင့် ကျန်းမာရေးဆိုင်ရာ အစီအမံများအတိုင်း ပူးပေါင်း ပါဝင်ပေးကြရန် ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီက တိုက်တွန်းထားသည်။


news-view-count-icon

23