မတ်လ ၃ ရက်နေ့မှာ လအပြည့်ကြတ်တဲ့ ထူးခြားတဲ့ နက္ခတ္တဗေဒ ဖြစ်စဉ်တစ်ခုဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ လမင်းကြီးဟာ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းကနေ ထွက်ပေါ်လာချိန်ကစပြီး အုတ်နီရောင်သန်းနေမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့ ဒီမြင်ကွင်းကို သာမန်မျက်စိနဲ့တင် ကြည့်ရှုခံစားနိုင်မှာပါ။ထိုင်းအမျိုးသား နက္ခတ္တဗေဒ သုတေသနသိပ္ပံ (NARIT) ရဲ့ ထုတ်ပြန်ချက်အရ လကြတ်မယ့် အချိန်ကတော့ ထိုင်းစံတော်ချိန် ညနေ ၃ နာရီ ၄၄ မိနစ်ကနေ ည ၉ နာရီ ၂၃ မိနစ်အထိ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ ညနေ ၆ နာရီ ၂၃ မိနစ်လောက်မှာ လထွက်လာမှာဖြစ်ပြီး အဲဒီအချိန်ဟာ လအပြည့်ကြတ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ည ၇ နာရီ ၂ မိနစ်အထိ ၃၉ မိနစ်ကြာ အုတ်နီရောင် လမင်းကြီးကို မြင်တွေ့ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ လတစ်စိတ်တစ်ပိုင်းကြတ်တာနဲ့ အရိပ်ဖျော့ထဲ ဖြတ်သန်းတာတွေကို အစဉ်လိုက် ဆက်လက် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဒီလကြတ်တဲ့ ဖြစ်စဉ်ကို ထိုင်းနိုင်ငံအပြင် အာရှ၊ သြစတြေးလျ၊ မြောက်အမေရိက၊ တောင်အမေရိကနဲ့ သမုဒ္ဒရာဒေသတွေ အပါအဝင် ကမ္ဘာ့နေရာ အတော်များများမှာ မြင်တွေ့ရမှာပါ။ နေ၊ ကမ္ဘာနဲ့ လ တို့ တစ်တန်းတည်း ကျရောက်ပြီး ကမ္ဘာက အလယ်မှာ ရောက်နေချိန် ကမ္ဘာ့အရိပ်ကျတဲ့နေရာကို လမင်း ဖြတ်သန်းသွားတာကြောင့် အခုလို လကြတ်ရတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို လေ့လာချင်သူတွေအတွက် NARIT က ချင်းမိုင်၊ Nakhon Ratchasima ၊ Khon Kaen ၊ Chachoengsao နဲ့ Songkhla စတဲ့ နေရာ ၅ ခုမှာ ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ တယ်လီစကုပ်တွေနဲ့ အခမဲ့ ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။ အဲဒီနေရာတွေကို သွားရောက်ဖို့ အဆင်မပြေသူတွေ အနေနဲ့လည်း NARIT ရဲ့ Facebook နဲ့ YouTube ချန်နယ်တွေကနေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုတွေကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။



